ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲခံထားရသူများကို အာမခံပေးရန်ရှေ့နေချုပ်ရုံးအကြံပြု
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆို ခံရသူတွေကို အာမခံပေးဖို့ အကြံပြုချက်ပေးထားတယ်လို့ ပြည်ထောင်စုရှေ့နေချုပ်ရုံး အမြဲတမ်း အတွင်းဝန် ဒေါ်နုနုယဉ်က ပြောပါတယ်။
ဖျက်သိမ်းပစ်ဖို့ ပြည်သူအများစု လိုလားနေတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ကို ပြင်ဆင်နိုင်ဖို့အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးကို အကြံပြုချက်ပေးဖို့ တင်ပြတောင်းခံထားတဲ့အပေါ် ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေနဲ့ အကြံပြုချက် ပြန်လည်ပေးပို့တာလို့ ဆိုပါတယ်။
“ကျမတို့ဆီကနေ အကြံပြုချက်က ပြန်ထွက်သွားပါပြီ။ ကျမတို့ဆီကို အကြံပြုချက်တောင်းတာက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အကြံပြုချက် တောင်းတယ်။ တောင်းတဲ့အခါမှာ သူတို့ရဲ့ ပြင်ဆင်လိုက်တဲ့ဟာပေါ်မှာ မူတည်ပြီးတော့ ကျမတို့က အကြံပြုရတယ်။ အကြံပြုတဲ့အခါမှာ ဝန်ကြီးဌာနအမည်ကို အရင်ကနဲ့ မတူတော့တဲ့အတွက်ကြောင့် အမည်ကို အရင်ပြောင်းတယ်။ နောက်ပြီးတော့ ရဲအရေးယူပိုင်ခွင့် ရှိတာကို ဟိုမှာလည်း သတ်မှတ်တယ်၊ အခုလည်း သတ်မှတ်တယ်။ တချို့အမှုတွေမှာ တရားစွဲဆိုစဉ်မှာ ဝန်ကြီးဌာနရဲ့ ကြိုတင်ခွင့်ပြုမိန့်ယူဖို့ သတ်မှတ်တယ်။ တချို့ဟာတွေကိုတော့ ခွင့်ပြုမိန့်ယူဖို့ သတ်မှတ်တာမျိုး မရှိဘူး။ နောက်ပြီးတော့ ရာဇဝတ်ကျင့်ထုံးဥပဒေအရ အာမခံပေးရမယ့် ပြစ်မှုအနေနဲ့ သတ်မှတ်ထားတယ်။ ဒါက ဥပဒေကြမ်းပဲ ရှိသေးတယ်နော်။ သူတို့ရဲ့ ဥပဒေကြမ်း တင်ပြချက်အပေါ်မှာ ကျမတို့က စိစစ်အကြံပြုတယ်။ စိစစ်အကြံပြုတဲ့အခါမှာ အဲဒီအချက်ကို အာမခံပေးရမယ်ဆိုတဲ့ အချက်အနေနဲ့ အကြံပြုတယ်။”
အဲဒီပြင်ဆင်ပြီးချက်တွေအပေါ် ဝန်ကြီးဌာနအနေနဲ့ ပြန်လည်စစ်ဆေးပြင်ဆင်ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ပြန်လည်တင်ပြရမှာဖြစ်ပြီး အဲဒီတင်ပြချက်အပေါ် ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေနဲ့ ပြန်လည်စစ်ဆေး အတည်ပြုပြီး ဝန်ကြီးဌာနကို ပြန်လည်ပေးပို့ရမှာ ဖြစ်ပါတယ်။
အဲဒီလုပ်ငန်းစဉ်တွေ ပြီးဆုံးမှသာ အစိုးရအဖွဲ့ကို တင်ပြရမှာဖြစ်ပြီး နောက်ဆုံးအဆင့် ဥပဒေကို အတည်ပြု ပြဋ္ဌာန်းနိုင်ဖို့အတွက် အစိုးရအဖွဲ့ကနေ ပြည်ထောင်စုလွှတ်တော်ကို တင်ပြရမှာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်ကတော့ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဟာ ပြည်သူတွေအပေါ် တရားဝင် ခြိမ်းခြောက်ခွင့်ရထားတဲ့ ဥပဒေတရပ် ဖြစ်နေတဲ့အတွက် ပြင်ဆင်တာမျိုး မဟုတ်ဘဲ လုံးဝကို ပယ်ဖျက်သင့်တဲ့ ဥပဒေတခု ဖြစ်တယ်လို့ ထောက်ပြ ပြောဆိုထားပါတယ်။











