ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် ဆင်ကူးရွာသစ်အုပ်စု ရေပြန်ကျေးရွာမှာ ဦးမြင့်အုံး ဆိုသူဟာ နေအိမ်ခြံဝင်းအတွင်း ဓားနဲ့ခုတ်ခံရပြီး သေဆုံးသွားတယ်လို့ ရဲစခန်းက ပြောပါတယ်။
မေ ၄ ရက်နေ့မနက်ပိုင်းက သတင်းပေးတိုင်ကြားချက်ရရှိလို့ ရဲတပ်ဖွဲ့ဝင်တွေက လက်ပံတန်းရဲစခန်း တာဝန်ရှိသူတွေက အခင်းဖြစ်နေရာကို သွားရောက် စုံစမ်းစစ်ဆေးခဲ့ပြီး ကျူးလွန်သူ ကိုမြင့်(ခ) မြင့်လွင်အား ၆ နာရီအတွင်းစုံစမ်းဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
အခင်းဖြစ်ပွားခဲ့မှုအခြေအနေကို ဓားနဲ့ ခုတ်သတ်ခဲ့သူ ကိုမြင့်က "ကနော်တို့ မနေ့က နေ့လယ် ၂ နာရီ လောက် အရက်သောက်နေရင်း စကားများကြတယ်၊ ညနေ ၅ နာရီလောက် အိမ်မှာထိုင်နေတုန်း လေးခွနဲ့လာပစ်တာ ကျနော့်မျက်လုံးကိုမှန်တယ်၊ ကျနော် ဘာမှ ပြန်မလုပ်လိုက်ဘူး။ ညကျတော့ ကျနော်ကို သူ့ခြံထဲကနေ အလွန်အကျွံဆဲနေတော့ မင်းပါးစပ် ငါပိတ်ပေးမယ်ဆိုပြီး သူ့ဆီသွားပြီး ဓားနဲ့ တစ်ချက်ခုတ်လိုက်တာ သူက ပြန်လုံးတော့ နောက်ထပ်တစ်ချက်ခုတ်လိုက်တာပါ" လို့ ဒီဗွီဘီကို ပြောပါတယ်။
ကျူးလွန်သူ ကိုမြင့်(ခ) မြင့်လွင်အား ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ စစ်ဆေး အရေးယူ ဆောင်ရွက်နေတယ်လို့ လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူက ပြောပါတယ်။
သတင်း၊ဓာတ်ပုံ - ဝဏ္ဏထွန်း











