တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက် အုန္နဲပင်ကျေးရွာမှာ ချေးငွေပြန်လည်မပေးသွင်းနိုင်လို့ မေ ၃ ရက်နေ့ ညနေပိုင်းလောက်က လူငယ်တဦး ကြိုးဆွဲချ သေဆုံးခဲ့ပါတယ်။
သေဆုံးသူနေထိုင်ရာ ကျေးရွာနဲ့ ၁ မိုင်လောက်အကွာ တိုက်ကြီး-ဖောင်ကြီး ကားလမ်းဘေးမှာ ကြိုးဆွဲချသေဆုံခဲ့တာလို့ တိုက်ကြီးမြို့မရဲစခန်းက ပြောပါတယ်။
သေဆုံးသူ အမျိုးသားဟာ အုန္နဲပင် ကျေးရွာနေ စိုင်းအောင်သူ (၂၂) နှစ်ဖြစ်ပြီး ကမ္ဘောဇအလင်းတန်းအစုအဖွဲ့ (ငွေချေးအသင်း) အပြင် ကျေးရွာတွေမှာ လိုက်လံချေးငွေထုတ်ပေးနေတဲ့ အခြားအဖွဲ့အစည်းတွေမှာလည်း ချေးငွေထုတ်ချေးထားပြီး အပတ်စဉ်ပြန်လည်မပေးသွင်းနိုင်တာကြောင့် စိတ်ကျရောဂါဖြစ်ပြီး အမြင့်ပေ (၁၀) ပေလောက်ရှိ ရေသဖန်းပင်မှာ ကြိုးဆွဲချသေဆုံးခဲ့တာလို့ မင်္ဂလာရပ်ကွက်ရာအိမ်မှူး ဦးမျိုးနိုင်က ဒီဗွီဘီကို ပြောပါတယ်။
အခုသေဆုံးမှုနဲ့ ပတ်သက်လို့ တိုက်ကြီးမြို့မရဲစခန်းက သေမူသေခင်းအမှတ်စဉ် ၁၂/၂၀၁၇ အရ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
သတင်း - မေသွယ်











