မြန်မာ-တရုတ် အဓိကကုန်သွယ်ရေးလမ်းမကြီးပေါ်ကနေ တရုတ်နိုင်ငံဘက်ခြမ်းကို တရားမဝင် တင်ပို့နေတဲ့ မှောင်ခိုသစ်ကားတွေထဲက ကားအစီးရေ ၂၀ ဝန်းကျင်ကို လားရှိုးမြို့နယ် သစ်တောဌာနကနေ လစဉ် ပုံမှန်ဖမ်းဆီးမိနေတယ်လို့ လားရှိုးမြို့နယ် သစ်တောဦးစီးအရာရှိ ဦးမျိုးကျော်ဟန်က ပြောပါတယ်။
“ကျနော်တို့ သစ်တောဌာနအနေနဲ့ မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းမကြီးပေါ်မှာ ရှောင်တခင် ချက်ပွိုင့်တွေထားပြီး မသင်္ကာတဲ့ကားတွေကို စစ်ဆေးတယ်။ တချို့ကျတော့လည်း သတင်းကြိုရလို့ ဖမ်းတယ်ပေါ့။ လစဉ်ပုံမှန် ဖမ်းမိတာကတော့ ကားကြီး၊ ကားသေး အစီးရေ ၂၀ ဝန်းကျင် ရှိတယ်။ ပြီးခဲ့တဲ့လ ဧပြီလကတော့ ယာဉ်မျိုးစုံ ၂၇ စီး ဖမ်းဆီးရမိပြီး၊ တရားခံ ၂၆ ဦးကို တရားစွဲဆိုနိုင်ခဲ့ပါတယ်။”
အဓိက ဖမ်းဆီးရမိတဲ့ သစ်အမျိုးအစားတွေကတော့ ပိတောက်နဲ့ တမလန်းသစ်လုံးနဲ့ ခွဲသားတွေဖြစ်ပြီး ကျွန်းသစ်နဲ့ အခြားသစ်အမျိုးအစားတွေကတော့ အနည်းငယ်ပဲ ဖမ်းဆီးရမိပါတယ်။
ပိတောက်သစ်သားကတော့ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးဘက်ကနေ တရုတ်နိုင်ငံဘက်ကို တရားမဝင် နည်းလမ်းအမျိုးမျိုးနဲ့ တင်ပို့လာတာလို့လည်း ဆိုပါတယ်။
“ကျွန်းသစ်နဲ့ အခြားသစ်အမျိုးအစားကတော့ ဖမ်းဆီးရမိတာ နည်းပါတယ်။ တမလန်းသစ်ကလည်း ရှားလာတော့ သိပ်အများကြီး ဖမ်းဆီးရမိတာ မရှိတော့ဘူး။ အခုနောက်ပိုင်း ဖမ်းဆီးရမိတာ အများဆုံးက ပိတောက်သစ်သားတွေပဲ ဖြစ်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ ပိတောက်သစ် ကျန်ရှိနေသေးတာက ကယားမှာ ရှိတယ်။ စစ်ကိုင်းတိုင်းမှာ ရှိတယ်။ ပြီးတော့ ချင်းပြည်နယ်အစပ်မှာရှိတဲ့ အဲဒီဘက်ကနေ နည်းလမ်းအမျိုးမျိုးနဲ့ သွင်းလာပြီးတော့ ဒီပြည်ထောင်စုလမ်းမကြီးကိုဖြတ်ပြီး တရုတ်ပြည်ကိုပို့ဖို့ ကြိုးစားတယ်။ အဓိက လာတာကတော့ ရှမ်းတောင်က လာတယ်။ မန္တလေးဘက်က လာတယ်” လို့ ပြောပါတယ်။
မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းကြောင်းကြီးကို အသုံးပြုသွားလာနေတဲ့ ယာဉ်အားလုံးကို စနစ်တကျ မစစ်ဆေးနိုင်မှု၊ နည်းပညာ အားနည်းမှု၊ တရားဥပဒေ စိုးမိုးမှုမရှိတဲ့ နယ်မြေတွေရှိနေမှုတို့ကြောင့် မြန်မာသစ်တွေဟာ တရုတ်နိုင်ငံဘက်ခြမ်းကို နည်းလမ်းအမျိုးမျိုးနဲ့ တရားမဝင် ရောက်ရှိနေဆဲ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
“ပြည်ထောင်စုလမ်းမကြီးကို နေ့စဉ် အသုံးပြု သွားလာကုန်သွယ်နေတဲ့ ကားအစီးရေက နေ့စဉ် ထောင်နဲ့ချီပြီး ရှိတယ်။ ကျနော်တို့က ဒီကားတွေအားလုံးကို စစ်ဆေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ခေတ်မီစစ်ဆေးရေးစက်တွေလည်း မရှိဘူး။ အတွေ့အကြုံက ခန့်မှန်းပြီး မသင်္ကာတဲ့ ကားတွေကို စစ်ဆေးရတယ်။ ဘယ်ကားမှာဖြင့် သစ်တွေ တင်လာတယ်လို့ သတင်းကြိုရပြန်ရင်လည်း ကားနံပါတ်နဲ့ရှာလို့ မရပြန်ဘူး။ သစ်မှောင်ခိုကားဆိုတော့ နံပါတ်ပြားတွေ အများကြီး ပြောင်းသုံးတယ်။ ဒီတော့ ကားအရောင်နဲ့ ပုံစံအမျိုးအစားကို မှတ်ပြီး ဖမ်းရတယ်။ ဒီကြားထဲ လက်နက်ကိုင် ထိန်းချုပ်နယ်တွေကနေကလည်း သွားတာနေတော့ သစ်မှောင်ခိုကားတွေကို အလုံးစုံဖမ်းနိုင်ဖို့ လက်ရှိမဖြစ်နိုင်သေးဘူး” လို့ ဆိုပါတယ်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်းမှာ လားရှိုးမြို့နဲ့ သိန္နီမြို့ သစ်တောဦးစီးဌာနအနေနဲ့ သစ်မျိုးစုံ တန်ချိန်စုစုပေါင်း ၃၆၀ ဒသမ ၃၆၆၆ ဖမ်းဆီးရမိပြီး နှစ်စဉ် တရားခံ ၂၀၀ ကျော်ကို တရားစွဲဆိုနိုင်ခဲ့ကြောင်း စာရင်းဇယားများအရ သိရပါတယ်။











