DVB Logo
Home
မြန်မာသတင်း
မြင်းခြံ ​ဆေးရုံဝင်းအတွင်း ​ ချက်​ကြိုးတန်းလန်းေ​မွးကင်းစ​က​လေးကို လာ​ရောက်​စွန့်​ပစ်
DVB
·
May 4, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်၊ မြင်းခြံဆေးရုံဝင်းအတွင်း မေလ ၃ ရက်နေ့ မနက် အစောပိုင်းက ချက်ကြိုးတန်းလန်းနဲ့ မွေးကင်းစကလေးငယ်တဦးကို လာရောက်စွန့်ပစ်ထားမှု ဖြစ်ပေါ်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ မြင်းခြံခရိုင် ပြည်သူ့ဆေးရုံဝင်းရှိ သားဖွားဆောင် တောင်ဘက် တမာပင်အောက်ရှိ သစ်သားထိုင်ခုံပေါ်မှာ အမည်းရောင် ကြွပ်ကြွပ်အိတ်နဲ့ ထည့်ထားပြီး အနှီးစ အဟောင်းနဲ့ ထုပ်ပိုးထားတာကို မွေးလူနာ လာရောက်စောင့်သူ ကြီးပင်ကန်ကျေးရွာမှ ဦးသိန်းတန်က မနက် ၉ နာရီလောက်မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဦးသိန်းတန်ဟာ တမာပင်အောက် သစ်သားခုံပေါ် အနားယူဖို့ သွားရောက်စဉ် ကြွပ်ကြွပ်အိတ် အမည်းရောင်ထဲမှ ကလေးငယ် ငိုသံကြားရလို့ သားဖွားဆောင်မှ တာဝန်ရှိ သူနာပြုဆရာမကြီး ဒေါ်စုစုကြည်ကို သွားရောက်သတင်းပေးခဲ့တာလို့ ဆိုပါတယ်။

သူနာပြုဆရာမကြီး ဒေါ်စုစုကြည်မှ သက်ဆိုင်ရာ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ကေသီဝင်းမောင်၊ ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာဉာဏ်မျိုးဝင်းမြင့်၊ ဆရာနဲ့ ဆရာမများ၊ မြင်းခြံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ရုံးမှ ဒုဦးစီးမှူး ဒေါ်စန်းစန်းဝင်းနဲ့ မြင်းခြံ အမှတ်-၁ မြို့မရဲစခန်းမှ တာဝန်မှူး ရဲအုပ် မျိုးထွန်းအောင်တို့က လာရောက်စစ်ဆေးခဲ့ကြပြီး စွန့်ပစ်ကလေးငယ်အား မွေးကင်းစ ကလေး အထူးကြပ်မတ်ဆောင်သို့ ပို့ဆောင်ပေးပြီး ဆေးကုသမှု ခံယူစေခဲ့ကြပါတယ်။

စွန့်ပစ်ကလေးငယ်ဟာ ယောက်ျားလေး ဖြစ်ပြီး ခြေလက်ကိုယ်အင်္ဂါ အားလုံး ပြည့်စုံကောင်းမွန်ပြီး ကိုယ်အလေးချိန် ၅ ပေါင်ခွဲ ရှိတယ်လို့ သိရပါတယ်။

“ကလေးငယ်လေးက အားလုံး ကျန်းမာရေး ကောင်းပါတယ်။ တခြား ဘာမှ စိုးရိမ်စရာ မရှိပါဘူး။ အခု အထူးကြပ်မတ်ဆောင်မှာ သေချာ ဆေးကုသခံယူနေပါတယ်။ အားလုံး စိတ်ချရပါပြီ”လို့ ကလေးအထူးကု ကြပ်မတ်ဆောင်မှ တာဝန်ရှိသူ ဆရာဝန်တဦးက ဒီဗွီဘီကို ပြောပါတယ်

စွန့်ပစ်ကလေးငယ်ကို တွေ့ရှိထားကြောင်း မြင်းခြံ ဧရာဝတီသွေးလှူရှင်အသင်းမှ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရေးတင်ခဲ့တာကြောင့် ကလေးငယ် ဆေးကုသမှု ခံယူဖို့အတွက် ငွေကြေး အလှူရှင်တွေက လာရောက်လှူဒါန်းကြပြီး အနယ်နယ်အရပ်ရပ်မှ မေလ ၃ ရက် ညနေ ၆ နာရီ အချိန်လောက်အထိ ကလေးငယ်အား တာဝန်ယူစောင့်ရှောက်ချင်သူပေါင်း လူဦးရေ ၂၀ ကျော်လောက် ဧရာဝတီသွေးလှူရှင်အသင်းကို တယ်လီဖုန်း ဆက်သွယ် အကြောင်းကြားလာတယ်လို့ မြင်းခြံ ဧရာဝတီသွေးလှူရှင်အသင်းထံမှ သိရပါတယ်။

“ခု ကလေးငယ်ကို စွန့်ပစ်ထားတာဟာ မည်သူမည်ဝါဆိုတာ မသိရသေးပါဘူး။ ကျနော်တို့ စုံစမ်းနေဆဲပါ။ အမှုဖွင့်ထားတာမျိုးတော့ မရှိပါဘူး။ ဆက်လက်စုံစမ်းဖော်ထုတ်သွားမှာပါ”လို့ မြင်းခြံမြို့မ ရဲစခန်းမှ တာဝန်မှူး ရဲအုပ် မျိုးထွန်းအောင်က ဒီဗွီဘီကို ပြောပါတယ်။

သတင်း - ရီရီထွန်း (မြင်းခြံ )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013