DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းမြို့နယ်တွင် ပြိုင်ကားတစ်စီးအရှိန်လွန်ပြီး သစ်ပင်ပေါ်တက်သွား
DVB
·
May 4, 2017
ဝမ်းတွင်းမြို့နယ်တွင်  ပြိုင်ကားတစ်စီးအရှိန်လွန်ပြီး သစ်ပင်ပေါ်တက်သွား
1 / 5
Donate to DVB

 

မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်မှာ မေလ ၃ ရက် ညနေ ၅ နာရီက ရွှေတောင်ကျေးရွာ မိုင်တိုင် ၃၇၁/၅ နဲ့ ၆ ကြား အနက်ရောင် အမိုးဖွင့် ပြိုင်ကားတစ်စီး အရှိန်လွန်ပြီး ခြံဝင်းတခုထဲက မီးဖိုဆောင်ကို တိုက်ကာ သစ်ပင်ပေါ်တက်ရပ်သွားတဲ့ ယာဉ်တိုက်မှုတခု ဖြစ်ပွားခဲ့တယ်လို့ ရွှေတောင်ရဲစခန်းက ပြောပါတယ်။

ရွှေတောင်ရဲစခန်း စခန်းမှူး ရဲအုပ်ကျော်စိုးနိုင်က “ဦးလှဆင်ရဲ့ အိမ်ဝိုင်းစည်ရိုးကိုတိုက်ပြီး မီးဖိုဆောင် ထန်းရွက်တဲတိုက် ကန္တရပင်ကို တိုက်မှ ရပ်သွားတယ်။ လူနှစ်ယောက်ကားပေါ်က ဆင်းလာတယ်။ ကားထားပြီး ထွက်ပြေးသွားတယ်။ ကားနံပတ်၊ ဖရိန်နံပတ်၊ အင်ဂျင်နံပတ်တွေကို ကညန(ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန)ကို ပို့ပြီး စစ်ဆေးခိုင်းထားတယ်။ မီးဖိုဆောင်ထဲ လူမရှိတော့ လူတွေတော့ ထိခိုက်တာ မရှိဖူးပေါ့။ ကားကို ပစ်ထားခဲ့တယ်”လို့ ပြောပါတယ်။

အိမ်ပိုင်ရှင် ဦးလှဆင် က “ကားကြီး အိမ်ဝိုင်းထဲဝင်လာတာ အံ့သြပြီး ကြည့်နေတုန်းကားပေါ်က အသက် ၃၀ လောက်ရှိမယ့် လူနှစ်ယောက်ဆင်းလာတယ်။ ရေတခွက်လောက်ပေးပါလို့ တောင်းတယ်။ ရေသွားခပ်နေတုန်းအ ရှေ့ဘက်ကတောတန်းထဲ ခပ်သွက်သွက် လျှောက်သွား တာ မြင်ရတယ်”လို့ ပြောပါတယ်။

အမိုးဖွင့်ပြိုင်ကားကိုစစ်ဆေးပေးတဲ့ ကားဝပ်ရှော့ဆရာက “ကားအင်ဂျင်က ဒီဇယ်ကား အဟောင်းကို အမိုးဖြတ်ပြီး ပြန်ဆင်ထားတယ်။ ထိုင်ခုံတွေက စုတ်နေလို့ ခေါင်းအုံးတွေ ခံထားတယ်။ အင်ဂျင်က ဆွဲအားကောင်းပြီး ကျန်တာတွေက မလိုက်နိုင်လို့ အခုလို ဖြစ်သွားတယ်ထင်တယ်”လို့ပြောပါတယ်။

ဝမ်းတွင်းမြို့နယ် ရွှေတောင်ရဲစခန်းအမှု အမှတ်ယာဉ် (ပ)၁၆/၂၀၁၇ ယာဉ်မဆင်မခြင်မောင်းပြီး အန္တရာယ်ဖြစ်စေတဲ့ ရာဇသတ်ကြီးပုဒ်မ ၂၇၉ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

သတင်း - မောင်မောင်လင်း (ဝမ်းတွင်း)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013