ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ မေ ၂ ရက်၊ မနက် ၁ နာရီလောက်က မျက်နှာဖုံးစွပ်ထားသူတွေက ရွာသား ၁ ဦးအား သတ်ဖြတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
မောင်ကြီးတောင်ကျေးရွာ ၂ ရပ်ကွက်က အသက် ၅၅ နှစ်အရွယ် မာမက်ဖွေယော့ရဲ့ နေအိမ်ကို သန်းခေါင်ကျော် ၁ နာရီအချိန်လောက်မှာ မျက်နှာဖုံးစွပ်ထားတဲ့ လူ ၅ ဦး နေအိမ်ထဲထိ ဝင်ရောက်လာပြီး အိမ်ရှင် မာမက်ဖွေယော့ကို အတင်းဆွဲခေါ်သွားခဲ့လို့ ဇနီးဖြစ်သူ ဆော်ကီနာခါတူက နယ်ခြားစောင့် ရဲတပ်ဖွဲ့မှာ လာရောက်တိုင်တန်းခဲ့တာပါ။
“သူ့ယောက်ျားကို ဆွဲခေါ်သွားပြီး ပြန်မလာတော့လို့ သူတို့မိသားစုက လူစုပြီး လိုက်ရှာတယ်။ ဒါးပိုင်ဆရာအုပ်စုက တောင်ခြေမှာ အလောင်းကို ရှာတွေ့တယ်။ ရဲမှာ လာပြီး တိုင်ချက်ဖွင့်တာပါ။ ရင်ဘတ်ရယ်၊ ညာဘက်ညှပ်ရိုးရယ်၊ လည်ပင်းရယ်မှာ ထိုးသွင်းဒဏ်ရာ ၁ ချက်စီ တွေ့တယ်။ ခေါင်းပေါက်တယ်။ ဘယ်ဘက်လက်မှာ ပွန်းပဲ့ဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့တယ်" လို့ အမှုစစ်အရာရှိက ပြောပါတယ်။
မောင်ကြီးထောင့်နယ်မြေအတွင်းမှာပဲ မတ် ၅ ရက်နေ့က သတ်ဖြတ်ခံခဲ့ရတဲ့ ဇာမာဟူဆိန်းရဲ့ဖခင် မာမက်ဟာရှိမ်းကို အမှုကိစ္စတွေ ဆောင်ရွက်တဲ့နေရာမှာ ကူညီပေးခဲ့လို့ သတ်ဖြတ်ခံရတာ ဖြစ်နိုင်တယ်လို့ ရဲက ယူဆထားပြီး အဲ့ဒီအမှုကို တောင်ဘဇာနယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၄နဲ့ အမှုဖွင့်ထားတယ်လို့ တောင်ဘဇာနယ်မြေစခန်းက ပြောပါတယ်။
အဆိုပါ လူသတ်မှုနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီကလည်း အတည်ပြုသတင်းထုတ်ထားပြီး သေဆုံးမှုကို စုံစမ်းဖော်ထုတ်နိုင်ရေး ဥပဒေနဲ့ အညီအမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်ထဲမှာ ၂၀၁၆ အောက်တိုဘာ အကြမ်းဖက် တိုက်ခိုက်မှုတွေ နောက်ပိုင်း နေအိမ်နဲ့ ကျေးရွာတွေမှာ ဝင်ရောက်ဆွဲခေါ်ပြီး သတ်ဖြတ်ခံရ တာတွေ မကြာခဏ ဖြစ်ပွားနေပြီး သေဆုံးသူ ၂၀ ဦးကျော် ရှိပြီလို့ သိရှိရပါတယ်။
သတင်း ဓာတ်ပုံ ကိုအောင်











