DVB Logo
Home
မြန်မာသတင်း
ကနီမြို့နယ်တွင် လေပြင်းတိုက်ခတ်၊ အဆောက်အဦ ၇၀ ကျော်ပျက်စီး
DVB
·
May 3, 2017
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်မှာ မေလ ၂ ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်၊ မိုးသီးကြွေပြီး မိုးရွာသွန်းခဲ့တာကြောင့် လူနေအိမ်ခြေ၊ စာသင်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းတွေ အမိုးလေလန်တာ လဲတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

သဘာဝဘေးအန္တရာယ်ကျရာက်မှုကြောင့် ကနီမြို့နယ်အတွင်းရှိ ချိုင်အုပ်စု၊ နတ်ကြီးအုပ်စု၊ မုဌောအုပ်စုက ကျေးရွာ ၈ ရွာလောက်က စုစုပေါင်းအိမ်ခြေ ၆၄ အိမ်၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၃ ကျောင်းတို့ ပျက်စီးသွားခဲ့ပြီး လမ်းဘေးသစ်ပင်လဲပြိုလို့ လမ်းပိတ်ဆို့တာတွေလည်း ရှိခဲ့ပါတယ်။

အဆောက်အဦတွေ ပျက်စီးခဲ့ပေမယ့် လူတွေတော့ ထိခိုက်ဒဏ်ရာမရရှိခဲ့ဘူးလို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကနီမြို့နယ်အုပ်ချုပ်ရေးမှုး ဦးဖြိုးအောင်ထွန်းကိုက "ကျနော်တို့ အခု ပျက်စီးသွားတဲ့ ရွာတွေကို လိုက်လံပြီး အသေးစိတ်ပျက်စီးမှုစာရင်းကောက်တာတွေ လုပ်နေတယ်။ ပြီးတော့ ရှင်းလင်းဆောင်ရွက်ရေးအတွက် နမခက တပ်မတော်သားတွေလည်း လာရောက် လုပ်ဆောင်နေကြတယ်။

“မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ဒေသခံတွေစုပေါင်းပြီး ရှင်းလင်းတာတွေ လုပ်နေတယ်။ ထိခိုက်ပျက်စီးမှုက ကြီးကြီးမားမားတော့ မရှိဘူး။ ပုံမှန်အားဖြင့် လေဝင်သွားတဲ့အပေါ်မှာ ကပ်မိုး ကပ်ကာအိမ်လေးတွေ ကပ်လန်သွားတာ၊ သွပ်လန်သွားတာတွေကို တိုင်းဒေသကြီး လူကယ်ပြန် ကို တင်ပြတာရှိတဲ့အတွက် သူတို့ကလည်း လာပြီးတော့ ပျက်စီးဆုံးရှုံးမှုအလိုက် ကူညီ ထောက်ပံ့မှုတွေ လုပ်ပေးဖို့ရှိပါတယ်။ အရင်နှစ်တွေကလည်း အတွေ့အကြုံတွေရှိလို့ အချိန်နဲ့ တပြေးညီ ကူညီဆောင်ရွက်နိုင်အောင်၊ အစိုးရအဖွဲ့ကို အချိန်နဲ့တပြေးညီတင်ပြနိုင်အောင် ရပ်ကျေးအုပ်ချုပ်ရေးမှုတွေကိုလည်း သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်တဲ့ စာရင်းဇယားလေး တွေကို ပေးပြီးသားဖြစ်ပါတယ်"လို့ ပြောပါတယ်။

ကနီမြို့နယ်က ခုနောက်ပိုင်း ငလျင်ဘေး၊ ရေဘေး၊ လေဘေးတွေက ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာနေတာပါ။ မနှစ်ကလည်း ဒီလိုအချိန်မှာပဲ လေဘေးဒဏ် အပြင်းအထန် ခံစားခဲ့ရ ပါသေးတယ်။

ကနီမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းကတော့ "သဘာဝဘေးဒဏ်ခံစားရတာနဲ့ပတ်သက်ပြီး လွှတ်တော်မှာ မေးခွန်း ဒါမှမဟုတ် အဆိုတင်ဖို့ သက်ဆိုင်ရာနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်။ ဖြစ်လာမှ ကယ်ရုံနဲ့တော့ မပြီးဘူး။ အခုပုံစံ ကြည့်ရတာတော့ တောက်လျှောက်ဖြစ်နေမှာပဲ။ ဘာလို့လဲဆိုတော့ ကနီပတ်ဝန်းကျင် တောင်တွေက သစ်တောတွေလည်း မရှိတော့ဘူး။ သဘာဝဘေးဒဏ်ကာကွယ်ရေး၊ လျော့နည်း စေရေးအတွက် အထူးစီမံချက်ရေးဆွဲပြီး ဆောင်ရွက်ဖို့လိုအပ်နေပြီ" လို့ ပြောပါတယ်။

ပျက်စီးဆုံးရှုံးမှုများတဲ့ ဒေသတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ဝန်ကြီးတွေ ကွင်းဆင်း စစ်ဆေးနေပြီး လိုအပ်တဲ့ လမ်းညွှန်မှာကြားမှုတွေလည်း ဆောင်ရွက်နေပါတယ်။ မနေ့က တိုက်ခတ်ခဲ့တဲ့လေက ကနီမြို့နယ်အပြင် ဘုတလင်၊ ဒီပဲယင်း၊ မုံရွာ စတဲ့မြို့နယ်တွေကိုလည်း ဝင်ရောင်တိုက်ခတ်သွားခဲ့ပါတယ်။ ပျက်စီးဆုံးရှုံးမှုနဲ့ပတ်သက်ပြီး အသေးစိတ်တော့ မသိရှိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013