စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် မံထုံအုပ်စု သောင်ကြီးကျေးရွာအနီးမှာ တရားမဝင် လည်ပတ်နေတဲ့ သစ်စက်တလုံးကို ပိုင်ရှင်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော် မြို့မရဲစခန်းမှူး ဒုရဲမှူး သက်တင်ဦးက ပြောပါတယ်။
မေလ ၁ ရက် မွန်းလွဲ ၂ နာရီခွဲက ကသာခရိုင်မှုခင်းနှိမ်နှင်းရေးအဖွဲ့က တာဝန်ရှိသူတွေ၊ အင်းတော်မြို့မရဲစခန်းက တာဝန်ရှိသူတွေဟာ သက်သေတွေနဲ့အတူ အင်းတော်မြို့နယ် မံထုံအုပ်စု သောင်ကြီးကျေးရွာ အနောက်ဖက် ၁၀ မိုင်ခန့်အကွာရှိ မံမော်ကြိုးဝိုင်းအတွင်းမှာ ထွန်းမောင်ဆိုသူက တရားမဝင်သစ်စက်လုပ်ကိုင်နေတဲ့ သတင်းအရ သွားရောက်ဖမ်းဆီးခဲ့ရာ ထွန်းမောင်မှာ ထွက်းပြေးတိမ်းရှောင်သွားကြောင်း သိရတဲ့အတွက် လိုက်လံဖမ်းဆီးခဲ့တာပါ။
သောင်ကြီးကျေးရွာ မရောက်မီလမ်းမှာ ဖမ်းဆီးရမိခဲ့ပြီး သစ်စက်လုပ်ကိုင်ရာမှာ အသုံးပြုတဲ့ ၂၅ ကောင် WULING အမျိုးအစား ဒီဇယ်အင်ဂျင်(၁)လုံး၊ ပိုက်တွဲရက်ပါ ရေခရု ၁ လုံး၊ အရှည် ၄ ပေရှိ သံဒလိမ့်တုံး ၂ ခု၊ ၂ ပေ ပတ်လည်ရှပ်တန်းပူလီ ၁ ခု၊ ၃၈ ပေရှိဘတ်ကြိုး ၁ ချောင်း၊ သံတူရွင်း ၂ ခု၊ ထော်လီဘီး ၄ ခု၊ ကျွန်းသစ်လုံး ၆ လုံး (၂ ဒသမ ၀၄၆)တန်၊ ကျွန်းသစ်ခွဲသား ဆိုဒ်စုံ ၃၅ ချောင်း (၀ ဒသမ ၁၂၆၃)တန်ကို ဖမ်းဆီးရမိခဲ့ပါတယ်။
ညနေ ၅ နာရီခွဲမှာ သစ်စက်မှ ခွဲစိတ်ထားတဲ့ ကျွန်းခွဲသားတွေကို သောင်ကြီးရွာရှိ ထွန်းမောင် နေအိမ်မှာ စုပုံထားတဲ့ ကျွန်းခွဲသား ဆိုဒ်စုံ ၃၂၄ ချောင်း ၂ ဒသမ ၂၇ တန်ကို ထပ်မံတွေ့ရှိခဲ့ရပြီး စုစုပေါင်း ကာလတန်ဖိုး ၅၄၇၁၆၀ ကျပ် သိမ်းဆည်းရမိခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်းမှူး ဒုရဲမှူး သက်တင်ဦးက ပြောပါတယ်။
အင်းတော်မြို့နယ် မံထုံအုပ်စု သောင်ကြီးရွာနေထိုင်တဲ့ တရားမဝင်သစ်စက်လည်ပတ်နေသူ အသက် ၃၅ နှစ်အရွယ် ထွန်းမောင်ကို အင်းတော်မြို့မရဲစခန်းမှ(ပ)၅၈/ ၂၀၁၇ ပြည်သူပိုင်၆(၁) နဲ့ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - ကိုကိုလင်း(အင်းတော်)











