
မုံရွာမြို့ လမ်းပေါ်မှာ ဆိုင်ကယ်စီးပြီး ဖုန်းလုယူမောင်းပြေးသူ အသက် ၂၀ အရွယ် လူငယ်တဦးကို ရပ်ကွက်နေပြည်သူတွေက မနေ့က ဝိုင်းဝန်းဖမ်းဆီး ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့တယ်လို့ မုံရွာမြို့မ ရဲစခန်းက ပြောပါတယ်။
မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ စံပြလမ်းပေါ်မှာ FZ အမျိုးအစား ဆိုင်ကယ်စီးလာသူ အသက် ၂၀ ဝန်းကျင် လူငယ်တဦးက ဈေးဝယ်ပြီး ဆိုင်ကယ်နဲ့ပြန်လာတဲ့ မစုစုလှိုင်နဲ့ မအိမွန်မွန် တို့ထံက Huawei Honor အမျိုးအစားဖုန်း ၁လုံးနှင့် ဖုန်းဓာတ်ခဲ ၁လုံးတို့ကို လုယူပြီး မောင်းထွက်သွားလို့ အော်ဟစ်အကူအညီတောင်းရာ ရပ်ကွက်နေပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးပြီး ရဲစခန်းကို အကြောင်းကြားလို့ ရဲစခန်းက နယ်ထိန်းအဖွဲ့လာရောက် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပါတယ်။
လုယူထွက်ပြေးသွားသူမှာ မုံရွာမြို့နယ်၊ ကျွဲရဲမြောက်ရွာက ပန်းရံလုပ်ကိုင်တဲ့ နေလင်းအောင် ဆိုသူဖြစ်ပြီး အရင်က အခုလို လုပ်ခဲ့တာရှိမရှိ၊ ဘာကြောင့်ခုလိုလုပ်ရတာဖြစ်တယ်ဆိုတာ ကိုတော့ စစ်ဆေးမေးမြန်းနေဆဲဖြစ်တယ်လို့ မုံရွာမြို့မရဲစခန်းက ပြောပါတယ်။
လုယက်မှုနဲ့ ပတ်သက်ပြီး လုနှိုက်ခဲ့သူ နေလင်းအောင်ကိုတော့ မုံရွာမြို့မရဲစခန်းက (ပ) ၅၀၂/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၉ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။











