အမေရိကန်က အီရန်အပေါ် ပိတ်ဆို့မှု အချိန်တိုးချဲ့ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်လာခဲ့အပြီး ဧပြီ ၃၀ ရက်မှာ ကမ္ဘာ့ရေနံမှတ်ကျောက်ဈေးဖြစ်တဲ့ ဘရန့်ရေနံစိမ်းဈေးဟာ တစည်ကို ဒေါ်လာ ၁၂၀ အထိ ထိုးတက်သွားခဲ့ပါတယ်။
၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစည်ကို ၁၂၂ ဒေါ်လာ အထိပါ ခဏတာ ရောက်ရှိသွားခဲ့ပါတယ်။
အမေရိကန် သုံးစွဲသူတွေကြားမှာ ရေနံဈေးတက်လို့ ကြုံရနိုင်တဲ့ ဆိုးကျိုးကို ဘယ်လို ကန့်သတ်ကြမလဲ ဆိုတာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ စွမ်းအင်ကုမ္ပဏီအကြီးအကဲတွေ ဧပြီ ၂၉ ရက်က အိမ်ဖြူတော်မှာ ဆွေးနွေးခဲ့ကြပါတယ်။
ဒီတွေ့ဆုံမှုကြောင့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုဟာ အချိန်ပိုကြာမြင့်မယ်လို့ ရေနံကုန်သည်တွေက ခန့်မှန်းနေကြပါတယ်။
အီရန်ရဲ့ စီးပွားရေးကို ပိုမိုဖိအားပေးနိုင်ဖို့ ဆိပ်ကမ်းတွေ ပိတ်ဆို့တာကို အချိန်တိုးချဲ့ဖို့ သမ္မတ ထရမ့်ပ်က ညွှန်ကြားထားတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
အီရန်ကလည်း အမေရိကန်ရဲ့ ပိတ်ဆို့မှုကို တုံ့ပြန်တဲ့အနေနဲ့ ကမ္ဘာ့ရေနံထောက်ပံ့မှုရဲ့ ၅ ပုံ ၁ ပုံ ဖြတ်သန်းသွားလာနေတဲ့ ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောသွားလာမှုတွေကို ဆက်လက် ဟန့်တားသွားမယ်လို့ ဆိုပါတယ်။
လက်ရှိမှာ အီရန်နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုဟာ ၅၃ ဒသမ ၇ ရာခိုင်နှုန်းအထိ မြင့်တက်နေပြီး လူ ၂ သန်းလောက် အလုပ်လက်မဲ့ ဖြစ်နေရပါတယ်။
ဒီလိုအခြေအနေမှာ အီရန်အနေနဲ့ “မြန်မြန်ဆန်ဆန် အသိတရားရ”ပြီး သဘောတူညီချက်တခု လက်မှတ်ထိုးဖို့ ဧပြီ ၂၉ ရက်မှာ ထရမ့်ပ်က တိုက်တွန်းခဲ့ပါတယ်။
ပိတ်ဆို့မှုတွေ ကြာရှည်လာနိုင်တာကြောင့် ၂၀၂၆ ခုနှစ်မှာ စွမ်းအင်စျေးနှုန်းတွေ ၂၄ ရာခိုင်နှုန်းအထိ မြင့်တက်လာမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။











