DVB Logo
Home
မြန်မာသတင်း
ရွှေဝါရောင်ဆရာတော်တပါးဦးဆောင်ပြီး ဘုရားများတွင် အမှိုက်ကောက်
DVB
·
May 1, 2017
Donate to DVB

ယင်းမာပင်မြို့နယ်၊ သပြေအေးရွာက ရွှေဝါရောင်ဆရာတော် ဦးသောပါက ဦးဆောင်ပြီး ကျောင်းသား၊ ကျောင်းသူ ၃၈ ယောက်တို့က မုံရွာမြို့ရှိ မိုးညှင်းသမ္ဗုဒ္ဓေ၊ ဗောဓိတစ်ထောင် စတဲ့ ဘုရားပတ်ဝန်းကျင်တွေမှာ ဧပြီလ ၂၉ရက်နေ့ မနက်ပိုင်းက အမှိုက်တွေ လိုက်လံကောက်နေကြပါတယ်။

“ဦးဇင်းတို့ ကလေးတွေနဲ့အမှိုက်ကောက်လာတာ ၄၊ ၅ နှစ်ရှိပြီ။ ရွာမှာတော့ အမှိုက်ကောက်တဲ့အလေ့၊ စည်းကမ်းတကျ အမှိုက်ပစ်တဲ့စနစ် အောင်မြင်သွားပြီ။ အဓိကရည်ရွယ်ချက်က ‘တို့ပတ်ဝန်းကျင် သန့်ရှင်းဖို့ စနစ်တကျ အမှိုက်ပစ်စို့’ ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ပြည်သူတွေ အသိအမြင်တွေ ကျယ်ပြန့်လာအောင် လုပ်ဆောင်တဲ့သဘောပါ။ ရွာမှာ စနေ့နေ့တိုင်း ကောက်တယ်။ ခု ကောက်စရာ မရှိတော့ဘူး။ ဒါကြောင့် ဘုရားတွေလာပြီး ကောက်တာ။ ပေါ်ပင်တခုအနေနဲ့မဟုတ်ဘဲ အလေ့အကျင့်တခု ဖြစ်သွားအောင်လို့ပါ။ နောက်ပိုင်းမှာလည်း မုံရွာမြို့ပေါ်တွေကို လိုက်ကောက်သွားမယ်။ ကလေးတွေနဲ့ ကောက်ရတာ ပြောဆိုရတာ လွယ်တယ်။ အဓိကက အမှိုက်ကောက်တဲ့လူတွေ များတယ်။ ကောက်ချင်တဲ့လူတွေ ရှိတယ်။ ပြဿနာက လက်တွေ စည်းကမ်းမရှိတာ။ ကိုယ့်လက်ကလွတ် ပြီးရောဆိုပြီး စည်းကမ်းမဲ့ ပစ်နေကြတာ။ အဲဒါမှားတယ်”လို့ ဆရာတော်က ဒီဗွီဘီကိုပြောပါတယ်။

မုံရွာမြို့မှာ မြို့နယ်စည်ပင်သာယာက အမှိုက်သိမ်းစနစ်ကို တလမ်းဝင် တလမ်းထွက် လုပ်လာတာ တနှစ်ပြည့်ပြီ ဖြစ်ပါတယ်။ လမ်းဘေး အမှိုက်ပုံတဲ့ အလေ့အကျင့် နည်းလာတယ်ဆိုပေမယ့် သွားလာရင်း စည်းကမ်းမဲ့ အမှိုက်ပစ်နေဆဲ ရှိသေးတယ်လို့ မြို့နယ်စည်ပင်ကော်မတီက သိရပါတယ်။

အစိုးရသစ်တက်လာစက အနိုင်ရပါတီက ဦးဆောင်ပြီး တနိုင်ငံလုံး အမှိုက်ကောက်တာတွေ ပြုလုပ်ခဲ့သလို အရပ်ဖက်အဖွဲ့အစည်းတွေကလည်း ပေါ်ပင်လိုက်ပြီး အမှိုက်ကောက်ခဲ့ကြပါသေးတယ်။ အမှိုက်ကောက်တာ၊ စည်းကမ်းမဲ့ အမှိုက်ပစ်တာနဲ့ ပတ်သက်ပြီး ပြည်သူတွေ အလေ့အကျင့်ကောင်းတွေဖြစ်လာအောင် စည်းရုံးလှုံ့ဆော်တာ၊ ပညာပေးတာတွေ ပြုလုပ်သင့်တယ်လို့လည်း ပြောဆိုတာတွေ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013