
မွန်ပြည်နယ် ရေးမြို့နယ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဝန်ထမ်းအိမ်ရာကို ကျပ်ငွေသန်း ပေါင်း ၆၂၄ သန်း အကုန်အကျခံကာ တည်ဆောက် ပေးနေမှုမှာ ၄၀ ရာခိုင်နှုန်း ပြီးစီးနေပြီလို့ တာဝန်ခံအင်ဂျင်နီယာက ပြောပါတယ်။
ဝန်ထမ်းအိမ်ရာကို ၂၀၁၆ - ၂၀၁၇ ခုနှစ် မှ ၂၀၁၇-၂၀၁၈ ခုနှစ်အထိ ကျန်းမာရေးဦးစီးဌာနနှင့် အားကစားဝန်ကြီးဌာနရဲ့ ဘဏ္ဍာရေးနှစ်များအလိုက် ခွင့်ပြုငွေ ကျပ်သန်းပေါင်း ၆၂၄ သန်းအကုန်အကျခံ တည်ဆောက်ပေးနေတာ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက စတင်ပြီး စက်တင်ဘာလအထိ အေးရိပ်စံ တည်ဆောက်ရေးကုမ္ပဏီက သတ်မှတ်စံချိန်စံညွှန်းတွေနဲ့အညီ တာဝန်ယူတည်ဆောက်နေတာ ဖြစ်ပါတယ်။
တာဝန်ခံအင်ဂျင်နီယာအပါဝင် တနေ့ကို နေ့စားအလုပ်သမား အယောက် ၆၀ လောက်နဲ့ တည်ဆောက်နေတာဖြစ်ပြီး ၄၀ ရာခိုင်နှုန်းလောက် ပြီးစီးနေလို့ တာဝန်ခံ အင်ဂျင်နီယာ ဦးတေဇာလင်း က ပြောပါတယ်။
အဆိုပါ ကုသရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာမှာ RC ကွန်ကရစ်အဆောက်အဦးအမျိုး အစားဖြစ်ပြီး ၆ ခန်းတွဲ ၄ ထပ် အဆင့်မြင့်ဝန်ထမ်းအိမ်ယာဖြစ်ပြီး မိသားစုဝန်ထမ်း အရေအတွက် ပျမ်းမျှ ၁၂၀ ဝန်းကျင်လောက် နေထိုင်နိုင်မယ်လို့ ဆိုပါတယ်။
ကျန်းမာရေးဦးစီးဌာနနှင့် အားကစားဝန်ကြီးဌာနရဲ့ ၂၀၁၆-၂၀၁၇ ခုနှစ်ဘဏ္ဍာရေးနှစ် အတွင်း ရေးမြို့နယ် ကုသရေးဦးစီးဌာနရှိ ပြည်သူ့ဆေးရုံ RC ၂ ထပ် အဆောက်အဦ ကုသရေးအဆောက်အဦအပြင် ဝန်ထမ်းအိမ်ရာ ၆ ခန်းတွဲ ၄ ထပ်၊ ၄ ခန်းတွဲ ၄ ထပ် အဆောက် အဦလည်း ပါဝင်တယ်လို့ သိရပါတယ်။
နေမျိုးထွဋ် (ရေး)











