DVB Logo
Home
မြန်မာသတင်း
မြိတ်တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့တူးရန် တိုင်းတာမည့်နေရာ ငါးလုပ်ငန်းရှင်များ ကန့်ကွက်
DVB
·
April 30, 2017
မြိတ်တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့တူးရန် တိုင်းတာမည့်နေရာ ငါးလုပ်ငန်းရှင်များ ကန့်ကွက်
Donate to DVB

မြိတ်ဆိပ်ကမ်းမှ ကီလိုမိတာ ၂၀၀ ကျော်ဝေးတဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့တူးဖို့ တိုင်းတာမယ့်နေရာဟာ ငါးဖမ်းကွက်တွေ ဖြစ်တဲ့အတွက် ငါးလုပ်ငန်းရှင်တွေက ကန့်ကွက်နေကြပါတယ်။

အက်ဒမန်ပင်လယ်အတွင်း တူးဖော်မယ့် ရေနံသိုက်တချို့မှာ ကမ်းဝေးငါးဖမ်း ကွက်တွေအတွင်း ကျရောက်နေတဲ့အပြင် ငါးဖမ်းရာသီတွေမှာ လာရောက်လုပ်ကိုင်နိုင်ဖွယ်ရှိတဲ့ အတွက် ကမ်းဝေးငါးဖမ်းလုပ်ငန်းရှင်တွေက ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။

ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ဖို့အတွက် ရှေးဦးစွာ 3D ဆိုက်စမစ် တိုင်းတာမှုတွေ ပြုလုပ်ဖို့လိုအပ်ပြီး တိုင်းတာမှုပြုလုပ်နေချိန် ကာလအတွင်းမှာ ငါးဖမ်းလုပ်ငန်းတွေ ရပ်နားထားရမယ့်အပြင် အဆိုပါဧရိယာအတွင်းက ငါးအုပ်တွေကို အသံလှိုင်းတွေနဲ့ ထွက်ခွာဖို့ ဆောင်ရွက်ရမယ်လို့ သိရပါတယ်။

“ကျနော်တို့ကတော့ သဘောမကျပါဘူး၊ သဘောမတူဘူးဆိုတာနဲ့ အတူတူပါပဲ။ ငါးဖမ်းကွက်နဲ့ အပြင်စည်းကနေ လုပ်မယ်ဆိုရင် ပညာရှင်တွေရဲ့ သဘောတူညီချက်နဲ့ လုပ်နိုင်ပါတယ်။ အခုက ငါးဖမ်းကွက်ထဲကို ရောက်နေတယ်။ ဒီလိုတိုင်းတာတဲ့ သင်္ဘောတွေ လာတိုင်း ငါးဖမ်းလှေတွေကို မတွေ့ဘူးလို့ပဲ ပြောကြတယ်။ ဒါပေမယ့် ဒီအချက်တွေက မှားနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေရာမှာ တိုင်းတာတော့မယ်ဆိုရင် ကျနော်တို့ ငါးဖမ်းလှေတွေကို ကြိုတင်သတိပေးတားမြစ်ချက်တွေ ရောက်လာပါတယ်။ ဘယ်ရက်ဘယ်အချိန် ကနေ ငါးဖမ်းလှေတွေကို ဖြတ်သန်းသွားလာခွင့် မရဘူးဆိုပြီး တားမြစ်လာတယ်၊ အမိန့်ကြေညာစာတွေရောက် လာလေ့ရှိပါတယ်။” လို့ မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစန်းမောင်က ပြောကြားခဲ့ပါတယ်။

eni စွမ်းအင်ကုမ္ပဏီမှ ကမ်းလွန်လုပ်ကွက် MD-4 မှာ 3D ဆိုက်စမစ်တိုင်းတာဖို့အတွက် ထားဝယ်နဲ့ မြိတ်မြို့မှာရှိတဲ့ ပြည်သူလူထုနဲ့ တွေ့ဆုံရှင်းလင်းမှုတွေ ပြုလုပ်နေပြီး ငါးလုပ်ငန်းရှင်တွေကတော့ ငါးဖမ်းကွက်တွေအတွင်း ကျရောက်နေတဲ့အတွက် ကန့်ကွက်ထားကြပါတယ်။

MD-4 လုပ်ကွက်မှာ စတုရန်း ကီလိုမီတာ ၅၉၀၀ ကျယ်ဝန်းပြီး ရေအနက်မီတာ ၁၅၀၀ မှ ၂၂၀၀ မီတာမှာ ဆောင်ရွက်မှာ ဖြစ်ကြောင်း သိရပေမယ့် ဘယ်အချိန် လုပ်မယ်ဆိုတာ ကုမ္ပဏီဘက်က မပြောကြားနိုင်သေးကြောင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

ပြည်သူလူထုနဲ့ တွေ့ဆုံပွဲတွေက ရရှိလာတဲ့ ရလဒ်တွေကို ကုမ္ပဏီတာဝန်ရှိသူတွေကို ပြန်လည် တင်ပြပေးမယ်လို့ ဆိုပါတယ်။

အဲဒီကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ လုပ်ကွက် ၄ ခုအထိ လုပ်ပိုင်ခွင့် ရရှိထားတယ်လို့ သိရ ပါတယ်။ အာဖရိကနိုင်ငံတွေမှာ အဓိကရင်းနှီးမြှုပ်နှံထားတဲ့ အဆိုပါကုမ္ပဏီကြီးအနေနဲ့ နိုင်ငံပေါင်း ၆၉ နိုင်ငံမှာ လုပ်ငန်းတွေ တည်ရှိပြီး မြန်မာနိုင်ငံမှာလည်း ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်ဖို့ တင်ဒါများ အောင်မြင်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

မြတ်ထွဋ်(မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013