
လပေါ်မှာ အမြဲအခြေစိုက်မဲ့ ခြေလှမ်းတွေကို အမေရိကန်အမျိုးသား အာကာသအေဂျင်စီ (နာဆာ)က ဖော်ပြခဲ့တဲ့အထဲမှာ စက်ရုပ်သွားလာမှုယာဉ်တွေ၊ ဒရုန်းတွေ ပါဝင်ပါတယ်။
နာဆာရဲ့ လေ့လာရေးအဆင့် ၁ မှာ လပေါ်ကို လေ့လာမှုတွေ၊ နည်းပညာတွေ စမ်းသပ်ဖို့နဲ့ လမျက်နှာပြင်လေ့လာဖို့ စက်ရုပ်တွေကို စေလွှတ်မှာဖြစ်ပြီး အဆင့် ၂ ကို ၂၀၂၉ ခုနှစ်မှာ စတင်ဖို့ မျှော်မှန်းထားပြီး အမြဲတမ်းနီးပါး နေထိုင်နိုင်တဲ့ အဆောက်အဦတွေ စတင်တည်ဆောက်မှာ ဖြစ်ပါတယ်။
တတိယအဆင့်မှာတော့ အာကာသယာဉ်မှူးတွေ အလှည့်ကျ တာဝန်ပေးမှာဖြစ်ပြီး လပေါ်မှာ လေ့လာမှုတွေ ဆက်လုပ်သွားမှာပါ။
အမေဇုန် တည်ထောင်သူ ဂျက်ဘီဇော့ဖ်ရဲ့ အာကာသကုမ္ပဏီကလည်း အဲဒီ စက်ပစ္စည်းတည်ဆောက်မှုတွေထဲမှာ ပါမဲ့ ကုမ္ပဏီတခုပဲ ဖြစ်ပါတယ်။
အမေရိကန်ဟာ ထရမ့်ပ် သမ္မတရာထူးကနေ ထွက်ခွာမဲ့ ၂၀၂၉ ခုနှစ်မှာ လပေါ်ကို ပြန်သွားဖို့ ဆန္ဒရှိနေပါတယ်။
ဒါပေမဲ့ နာဆာဟာ လမျက်နှာပြင်ပေါ် လူသားတွေ ပြန်မှာနဲ့ပတ်သက်ပြီး တရုတ်နဲ့ ယှဉ်ပြိုင်နေရပါတယ်။
တရုတ်နိုင်ငံဟာ လပေါ်ကို လူသားတွေ အခြေချနိုင်ဖို့ အစီအစဉ်ကို ၂၀၃၀ ပြည့်နှစ်မှာ ပြုလုပ်ဖို့ လုပ်ဆောင်နေပါတယ်။
တနင်္လာနေ့ကပဲ ရှန်ဇူး ၂၃ အာကာသယာဉ်ကို နိုင်ငံရဲ့ အာကာသစခန်းဖြစ်တဲ့ တီယန်ဂေါင်စခန်းကို ယာဉ်မှူးတယောက် စေလွှတ်ခဲ့ပါတယ်။
နာဆာဟာ ၂၀၃၂ ခုနှစ်မှာ ဒေါ်လာ ဘီလီယံ ၂၀ တန် အစီအစဉ်ဖြစ်တဲ့ လရဲ့ တောင်ဝန်ရိုးစွန်းမှာ နျူကလီးယားနဲ့ ဆိုလာစွမ်းအင်သုံး အမြဲတမ်းအခြေစိုက်စခန်း တည်ဆောက်ဖို့ မတ်လမှာ ကြေညာခဲ့ပါတယ်။
နာဆာအကြီးအကဲ ဂျရတ် အိုက်ဇစ်မန်းက အမေရိကန်ဟာ လပေါ်မှာ အခြေစိုက်မဲ့ကိစ္စနဲ့ ပတ်သက်ပြီး လုံးဝ လက်မလျှော့ဘူးလို့ ပြောပါတယ်။
Source: Reuters










