DVB Logo
Home
မြန်မာသတင်း
ပဲခူးသမဂ္ဂဂျာနယ် အယ်ဒီတာချုပ်နှင့် သူရိယအလင်း ဂျာနယ်သတင်းထောက်တရားစွဲခံရ
DVB
·
April 28, 2017
ပဲခူးသမဂ္ဂဂျာနယ် အယ်ဒီတာချုပ်နှင့် သူရိယအလင်း ဂျာနယ်သတင်းထောက်တရားစွဲခံရ
1 / 5
Donate to DVB

ပဲခူးသမဂ္ဂဂျာနယ် အယ်ဒီတာချုပ် ၁ယောက်နဲ့ သူရိယအလင်းဂျာနယ်သတင်းထောက် ၁ ဦးတို့ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)အပြင် အသရေဖျက်မှု ပုဒ်မ ၅၀၀နဲ့ပါ  ဆရာတော်တစ်ပါးက အမှုဖွင့် တရားစွဲထားတယ်လို့ ပဲခူး အမှတ် ၂ ရဲစခန်းက ပြောပါတယ်။

သာသနာမြေတခုမှာ ထန်းရည်၊ အရက်ဆိုင်တွေ ဖွင့်လှစ် ရောင်းချ နေတယ်ဆိုတဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွေမှာ ရေးသားထားချက်တွေကို ထပ်ဆင့်ကူးယူဖော်ပြမှုနဲ့ ပဲခူးသမဂ္ဂဂျာနယ်အယ်ဒီတာချုပ် ကိုအောင်စိုးမိုး၊ သူရိယအလင်းဂျာနယ် သတင်းထောက်ကိုလွင်နဲ့  ဖေ့ဘုတ်အကောင့်၂ ခု ပိုင်ရှင်၂ ဦး စုစုပေါင်း ၄ ဦးကို  ပဲခူး အမှတ် ၂ ရဲစခန်းမှာ အမှုဖွင့်ထားတာလို့ အယ်ဒီတာချုပ် ကိုအောင်စိုးမိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်က အယ်ဒီတာချုပ် ကိုအောင်စိုးမိုးကို သူအသုံးပြုနေတဲ့ ဖုန်းနဲ့ ဖုန်းဆင်းကတ် ၂ ကတ်ကို လာရောက်သိမ်းဆည်းခဲ့ပြီး ဆက်သွယ်ရေး ပုဒ်မ ၆၆ ဃ၊ ပုဒ်မ ၅၀၀ နဲ့ အမှုဖွင့်ထားကြောင်း ပဲခူးအမှတ် ၂  ရဲစခန်းက တာဝန်ရှိသူကပြောပါတယ်။

“ပဲခူးမြို့ ဥသာမြို့သစ် ရပ်ကွက်ကြီး ၁ အတွင်းမှာရှိတဲ့ ဘဝသစ်ဓမ္မရိပ်သာ ဘုန်းတော်ကြီး ကျောင်းဆရာတော် ဘဒ္ဒန္တပဏ္ဍိစ္ဆာနန္ဒာဘိသီရိ ဆရာတော်က သူ့ကျောင်းဘက်အခြမ်းမှာ ထန်းရည်ဆိုင်၊ အရက်ဆိုင်တွေ ရောင်းချနေတယ်ဆိုတာနဲ့ ပတ်သက်ပြီး ရဲစခန်းကို သတင်းထောက် ၂ ယောက် တိုင်ကြားနေတယ်ဆိုတဲ့ သတင်းအရ ဆရာတော်က ပြန်လည်ပြီး အခုလို အမှုဖွင့် လိုက်တာ”လို့ ပြောပါတယ်။

ဒီမှုကို တရားလိုအဖြစ် တိုင်ကြားထားတဲ့ ဆရာတော်ကိုတော့ မေးမြန်းလျောက်ထားဖို့ တယ်လီဖုန်း အဆက်အသွယ်မရရှိသေးပါဘူး။

ဒီအမှုနဲ့ပတ်သက်ပြီး တရားစွဲခံထားရတဲ့ သူရိယအလင်းသတင်းထောက်ကိုလွင်က “အမှန်က ဖုန်းနဲ့ အဲဒီကိစ္စတွေကို စခန်းမှူးနဲ့ ကျနော်တို့က အင်တာဗျူးလုပ်နေတာ သတင်းထောက်ဆိုတာ တိုင်ကြားတာတွေ ဘာတွေလဲ မလုပ်ဘူး။ ကိုယ်ရတဲ့သတင်းအရင်းအမြစ်ပေါ်မှာ တာဝန်ရှိသူကို အင်တာဗျူးလုပ်တာ အဲဒါကို သူက တိုင်တယ်ဆိုပြီး ကျနော်တို့ကို အမှုဖွင့်တာ။ သူ့ကို ဧပြီလ ၂၈ ရက်နေ့မှာ ရဲစခန်းက သက်သေခံပစ္စည်းသိမ်းဖို့ ခေါ်ထားတယ်”လို့ ပြောပါတယ်။

ပဲခူးသမဂ္ဂဂျာနယ်  အယ်ဒီတာချုပ် ကိုအောင်စိုးမိုးဟာ ဒီဗွီဘီသတင်းဌာနအတွက်လည်း အလွတ် သတင်းထောက်တယောက်အဖြစ် ပဲခူးပတ်ဝန်းကျင်က သတင်းတွေကို ပေးပို့နေသူ တယောက် ဖြစ်ပါတယ်။

အခြား တရားစွဲခံထားရတဲ့ ဖေ့ဘွတ်ခ် အကောင့်ပိုင်ရှင် ၂ ယောက်ကိုတော့ စုံစမ်းဆဲပဲလို့ ရဲစခန်းက သိရပါတယ်။

သတင်း - မင်းညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013