DVB Logo
Home
မြန်မာသတင်း
အိုင်စီအာစီအဖွဲ့ ဘူးသီးတောင်ထောင်တွင် အကျဉ်းသားများအားတွေ့ဆုံ
DVB
·
April 28, 2017
အိုင်စီအာစီအဖွဲ့ ဘူးသီးတောင်ထောင်တွင် အကျဉ်းသားများအားတွေ့ဆုံ
Donate to DVB

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)အဖွဲ့ဟာ ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင် အကျဉ်းထောင်ကို သွားရောက်ပြီး ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ အကျဉ်းသားတွေနဲ့ တွေ့ဆုံခဲ့တယ်လို့  နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီကထုတ်ပြန်ပါတယ်။

အိုင်စီအာစီ အဖွဲ့ဝင် ၁၀ ဦးဟာ ဧပြီ ၂၆ ရက်က ဘူးသီးတောင်အကျဉ်းထောင်ကို အဖွဲ့ ၄ ဖွဲ့ခွဲဝင်ရောက်လေ့လာခဲ့ရာမှာ အဖွဲ့ ၁ က အကျဉ်းသားအိုဖ်နာတာ(ခ) ရှော်ဖီအူလာနဲ့ အာလီအာမောက်တို့တွေ့ဆုံခဲ့ပြီး အဖွဲ့ ၂ ကတော့  အကျဉ်းသား တင်မျိုးဆွေနဲ့ အကျဉ်းသား အိပ်ဆောင်မှူး လက်ထောက်ကြီးကြပ်ရေးမှူး(၁) ချစ်ကိုကို တို့ကို တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

အဖွဲ့ ၃ ကတော့ အကျဉ်းသားအိပ်ဆောင်(၁၊၂၊၃၊၄)ရှိ အကျဉ်းသားအချုပ်သားတွေကို  အိုင်စီအာစီနဲ့ ပတ်သက်တဲ့ သိကောင်းစရာတွေကို ရှင်းလင်းပြောကြားခဲ့ပြီး အဖွဲ့ ၄ ကတော့ အမှတ် ၁ အကျဉ်းသားအချုပ်သား အိပ်ဆောင်တာဝန်ကျ အကျဉ်းထောင်တပ်သား ဆန်းဝင်းထွန်းနဲ့  အချုပ်သား ၅ ဦးအား တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

အိုင်စီအာစီ ကိုယ်စားလှယ်အဖွဲ့ဟာ ထောင်တာဝန်ခံအရာရှိတွေနဲ့လည်း တွေ့ဆုံခဲ့ပြီး အကျဉ်းထောင်တွင်း အကျဉ်းသားတွေထားရှိမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ထောင်ဝင်စာတွေ့ဆုံပေးမှု၊ အိမ်နှင့်စာဆက်သွယ်ရေးသားပေးပို့မှု၊ နိုင်ငံခြားသား အကျဉ်းသားတွေ ထိန်းသိမ်းထားရှိမှုနဲ့  သက်ငယ်အချုပ်သားတွေ ထိန်းသိမ်းထားမှုတို့နဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။

ဒါ့အပြင် အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားအိပ်ဆောင်တွေ၊ဆေးရုံဆောင်၊ စားဖိုကြီး၊ အမျိုးသမီးအိပ်ဆောင်၊ ပြစ်ဒဏ်တိုက်နဲ့ သီးသန့်တိုက်တို့ကိုလည်း လှည့်လည်ကြည့်ရှု လေ့လာကြတယ်လို့ အစိုးရ သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အိုင်စီအာစီအဖွဲ့ဟာ ၁၉၈၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာဝင်ရောက် လုပ်ကိုင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ အကျဉ်းထောင်တွေထဲ ၀င်ရောက်ခွင့်ကို ၅ နှစ်လောက်ပိတ်ပင်ခံထားရာက ၂၀၁၃ ခုနှစ်မှာ အစိုးရက ပြန်လည်ဝင်ရောက် ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013