ရေပူဂိတ်တွင် ပိတောက်သစ်အပြည့် ၁၂ ဘီးကား ၂ စီး ဖမ်းဆီးရမိ
DVB
·
April 28, 2017

ရှမ်းပြည်မြောက်ပိုင်း၊ ပြည်ထောင်စုလမ်းမကြီး၊ လားရှိုး-သိန္နီကြား ရေပူဂိတ်မှာ ပိတောက်သစ်အပြည့်နဲ့ ၁၂ ဘီးကား ၂ စီးကို ဧပြီ ၂၇ ရက် ည ၈ နာရီက ဖမ်းဆီးရမိခဲ့ပါတယ်။
အကောက်ခွန်ဦးစီးဌာန ဒုညွန်ကြားရေးမှူး ဦးတက်ထွန်းအောင်က “ဖမ်းမိတာက မနေ့ညက ၈ နာရီလောက်မှာ ဖမ်းမိတာ။ မနေ့ညက ဦးလေးတို့ ကားတွေ အားလုံးကို တားတယ်။ ပြီးတော့ တစီးပြီးတစီး လိုင်စင်တွေရော၊ ပစ္စည်းတွေရော စစ်တယ်။ အဲဒီလို ကားတားလိုက်တော့ အဲဒီသစ်တင်ကားတွေကလည်း သိနေပြီလေ။ အဲဒီသစ်ကားနားရောက်တော့ ကားကို စစ်တဲ့အချိန် မိတာပဲ။ အဲဒီအချိန် လူမရှိတော့ဘူး။ ကားတားပြီဆိုကတည်းက သူတို့ပြေးနေပြီ။ ၂ စီးလုံး လူက လွတ်သွားတယ်။ မိတာက ၂ စီးလုံး အပြည့်ပဲ။ ဘယ်လောက်လဲတော့ အတိအကျ မပြောနိုင်သေးဘူး။ သစ်တောရောက်မှပဲ စစ်ဆေးမှာကိုး” လို့ ပြောပါတယ်။
လက်ရှိမှာ ပိတောက်သစ်နဲ့ ကျောက်တွေကို အများအပြား ဖမ်းဆီးရမိနေတယ်လို့ သူက ပြောပါတယ်။
“ဒီမှာ အခက်အခဲက သူတို့အချင်းချင်း သတင်းပေးနေတာပဲ။ ဒီမှာလည်း တစ်နေ့ ကားအစီးရေ ၅ ထောင်နဲ့ ၆ ထောင်ကြားဆိုတော့ အကုန်မစစ်နိုင်ဘူးလေ။ ပြီးတော့ သူတို့ကားပေါ် ပါလာတဲ့ ပစ္စည်းတွေကလည်း မနည်းဘူးလေ။ ဒီမှာတော့ သိပ်တန်ဖိုးမရှိလည်း တရုတ်ပြည်ရောက်ရင် သိန်းထောင်ချီ ရှိနေတယ်။ အဲခါကျတော့ သူတို့ ဒီဂိတ်ကို ဖြတ်ဖို့ အမျိုးမျိုး ကြိုးစားနေကြတယ်။ ဆိုင်ကယ်နဲ့ အရင်ဖြတ်သွားပြီး သတင်းပေးတာလည်း ဖြစ်နိုင်တယ်။ အမျိုးမျိုးပေါ့။ ဦးလေးတို့လည်း လူအင်အား ထပ်ရဖို့ တောင်းထားတယ်။ ပြီးတော့ ဒီလျှပ်စစ်မီး ရဖို့ရော။ အဲဒါတွေ အားလုံးရရင် တော်တော်များများကို ဖမ်းမိမယ်။ တရုတ်ပြည်တက်ရင် ကားသွားဖို့ ဒီလမ်းပဲရှိတယ်။ မလွတ်နိုင်ဘူး” လို့ ပြောပါတယ်။
လက်ရှိဖမ်းဆီးရမိတဲ့ သစ်ကား ၂ စီးကို သစ်တောဦးစီးဌာနကို ပို့ဆောင်ပြီး အရေးယူ ဆောင်ရွက်မှုတွေ ဆက်လက်ပြုလုပ်မယ်လို့ ဆိုပါတယ်။
ရေပူဂိတ်ဖွင့်လှစ်ပြီး ၃ လကျော်အတွင်း တရားမဝင်ပစ္စည်းတွေ ဖမ်းဆီးရမိတဲ့ စုစုပေါင်းတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၃ သောင်းနီးပါးရှိပြီလို့ သိရပါတယ်။
သတင်း - နိုင်နိုင်