DVB Logo
Home
မြန်မာသတင်း
သီးနှံဖျက်ပိုးမွှား နှိမ်နင်းရေးနည်းပညာ သင်တန်းပေးရန် လယ်သမားများ တောင်းဆို
DVB
·
April 28, 2017
Donate to DVB

လယ်ယာသီးနှံတွေကို ဖျက်ဆီးနေတဲ့ ပိုးမွှားတွေကို နှိမ်နင်းနိုင်မယ့် နည်းပညာတွေကို စိုက်ပျိုးရေးဦးစီးဌာနက ကွင်းဆင်း သင်တန်းပို့ချပေးဖို့ ဧရာဝတီတိုင်းဒေသကြီးက လယ်သမားတွေက တောင်းဆိုလိုက်ပါတယ်။

လယ်ယာတွေအတွင်း နှစ်စဉ် ကျရာက်နေတဲ့ စပါးဖျက်ပိုးတွေကို လယ်သမားတွေအနေနဲ့ စနစ်တကျ နှိမ်နင်းနိုင်ခြင်း မရှိဘူးလို့လည်း လယ်သမားတွေက ပြောပါတယ်။

“ကျနော်တို့က ဒီလို ပိုးတွေကျတဲ့အခါကျတော့ ရမ်းလုပ်တယ်၊ ရမ်းသတ်တယ်ပေါ့။ သေတဲ့အကောင်တွေလည်း ရှိတယ်။ မသေတဲ့ အကောင်တွေလည်း ရှိတယ်ပေါ့။ အဲဒီတော့ ထိရောက်မှုနည်းတော့ ပစ်ရတာတွေ တော်တော်များများတယ်ပေါ့” လို့ လယ်သမားတဦးဖြစ်သူ ကိုကျော်နိုင်ထွန်းက ပြောပါတယ်။

စပါးဖျက်ပိုးတွေ ကျရောက်တဲ့အခါမှာ တောင်သူတွေအနေနဲ့ ဓာတုပိုးသတ်ဆေး အမျိုးမျိုးကို အသုံးပြုကြတဲ့အတွက် ပိုးတွေက ဆေးယဉ်ပါးပြီး  နှိမ်နင်းလို့ မရတာတွေလည်း ရှိနေတယ်လို့ ပေါင်းမြို့နယ်က လယ်သမားကို ထွန်းထွန်းနိုင်က ပြောပါတယ်။

“ပြောရမယ်ဆိုရင် ပိုးဖြူကျတယ်။ ပိုးတောင်တဲကျတယ်။ စစ်ပိုးကျတယ်။ စစ်ပိုးကျတယ်ဆိုတာက စပါးပင်က ထွက်လာမှကျတဲ့ ပိုးပေါ့။ ဘယ်လိုကျသွားလဲဆိုတော့ အထဲထဲက ထိုးလိုက်တယ်။ စပါးသီး မမြင်ရဘူး။ မမြင်ရဘဲနဲ့ ပိုးက အလယ်က ဖျက်လိုက်တယ်။ နောက်တော့ ငုပ်ဆွေးတမျိုး ကျပြန်တယ်။ ငုပ်ဆွေးကျလည်း စပါးပင်က ဧကလိုက် ပျက်စီးတယ်။ အဲဒီလိုပျက်စီးတော့ ကျနော်တို့မှာ တော်တော်ဒုက္ခရောက်သွားတယ်။ ငုပ်ဆွေးပြီးတော့တခါ ရွက်ဖြူ ပြန်ကျတယ်။ ဒီနှစ်မျိုးဆို ပိုးက တောက်လျှောက်ကျတယ်။ ကျနော်တို့ ဒီမြို့နယ်မှာထုတ်တဲ့ ဆေးတွေ သုံးစွဲကြည့်တယ်။ အဆင်မပြေဘူး။ ဒီပိုးတွေ မသေဘူး။ တော်တော် ခက်ခဲ ဒုက္ခရောက်တယ်။ အဲဒီပိုးမျိုးကို နှိမ်နင်းနိုင်ဖို့က ဒီစိုက်ပျိုးရေးနည်းလမ်း ဆင်းလာမှကို ကျနော်တို့ အဆင်ပြေလောက်တယ်။”

ဧရာဝတီတိုင်းဒေသကြီးမှာ စပါးဖျက်ပိုးတမျိုးဖြစ်တဲ့ ရွှေခရုကြောင့် စိုက်ပျိုးဧက သောင်းချီ ပျက်စီးနေတယ်လို့ စိုက်ပျိုးရေးဦးစီးဌာနက ပညာရှင်တွေက ပြောဆိုထားပါတယ်။

စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ စိုက်ပျိုးရေး အဓိကလုပ်တဲ့ ဒေသတွေမှာ  လယ်ကွင်းတွေထဲထိ ကွင်းဆင်း လေ့လာပြီး လယ်သမားတွေနဲ့ တွေ့ဆုံ အသိပညာပေးတာတွေ လုပ်ပေးဖို့ လယ်သမားတွေက လိုလားနေကြပါတယ်။

သတင်း- AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013