DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းက ဖရဲ၊ သခွားမွှေးစိုက် တောင်သူများ အကူအညီလိုအပ်နေ
DVB
·
April 27, 2017
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဖရဲ၊ သခွားမွှေးစိုက်တောင်သူတွေက တစ်နှစ်ထက်တစ်နှစ် ပိုများလာနေပြီး စိုက်ပျိုးစရိတ်ကြီးမားတာကြောင့် စိုက်ပျိုးစရိတ်၊ နည်းပညာ၊ ဈေးကွက် စတဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ တောင်သူတွေက ပြောကြားလိုက်ပါတယ်။

ဒီနေ့မနက်ပိုင်းက ပြုလုပ်တဲ့ ချောင်းဦးမြို့၊ အားကစားကွင်းအနီးမှာရှိတဲ့ စစ်ကိုင်းတိုင်း ဒေသကြီး ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ်သူများအစုအဖွဲ့ရုံး နှစ်ပတ်လည်တွေ့ဆုံပွဲမှာ တောင်သူတွေက ပြောကြားခဲ့ကြတာပါ။

ဖရဲ ၁ ဧကကို ကျပ်သိန်း  ၂၀ မှ ၂၅ သိန်းလောက် ကုန်ကျပြီး သခွားမွှေးကတော့ ကျပ်သိန်း ၅၀ မှ ၅၅ သိန်းထိ ကုန်ကျတာကြောင့် အရင်နှစ်တွေထက် ပျမ်းမျှ ၅ သိန်းလောက် ဈေးမြင့်တက်လာခဲ့တယ်လို့ ဖရဲ၊ သခွားစိုက်တောင်သူ ဦးစိုးလွင်က ဒီဗွီဘီကိုပြောပါတယ်။

ဈေးကွက်အနေအထားအရလည်း တရုတ်ဈေးကွက်တခုကိုသာ မှီခိုနေရတာဖြစ်လို့ ကုန်ပစ္စည်းအဝင်များတဲ့အခါ ဈေးနှိမ်ခံရတာတွေ ရှိတယ်လို့ ဆိုပါတယ်။

နှစ်မှာတော့ ဖရဲ၊ သခွားမွှေးစိုက်တောင်သူ အတော်များများ အဆင်ပြေကြပြီး အနည်းငယ်သာ အရှုံးရှိတယ်လို့ တောင်သူတွေက ပြောပါတယ်။

ဈေးပြိုင်စနစ်တွေဖြစ်လာပြီး ဈေးကွက်အာမခံချက်ရှိဖို့ တောင်သူတွေက လိုလားနေကြပြီး တရုတ်အပြင် ရုရှား၊ စင်ကာပူ၊ မလေးရှား စတဲ့နိုင်ငံတွေကိုလည်း တင်ပို့ဖို့စီစဉ်နေကြတာပါ။

မြန်မာနိုင်ငံက ဖရဲသခွားစိုက်တောင်သူတွေကို အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) အစီအစဉ်နဲ့ WINROCK က ကူညီဆောင်ရွက်ပေးနေပြီး လိုအပ်တဲ့ သင်တန်းတွေလည်း ပို့ချပေးတာတွေလည်းရှိပါတယ်။

လက်ရှိစိုက်ပျိုးထုတ်လုပ်နေတဲ့နည်းက မြေဆီမြေလွှာပျက်စီးမှုတွေလည်းရှိသလို မျိုးစေ့ကိုလည်း နိုင်ငံခြားက တင်သွင်းတဲ့ မျိုးစေ့ကိုသာ မှီခိုအားထားနေရတာပါ။ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မြေဆီတွေကို မဖြစ်မနေသုံးစွဲနေရတာကြောင့် တောင်သူတွေနဲ့ စားသုံးသူတွေအတွက် ရေရှည်မှာ အဆင်မပြေမှုတွေလည်း ဖြစ်လာနိုင်ပါတယ်။

လက်ရှိအနေအထားအရ နည်းပညာအကူအညီအချို့ကို အစိုးရက ကူညီတာရှိနေပြီး ဈေးကွက်ခိုင်မာလာအောင် ဆောင်ရွက်ပေးနိုင်တာတော့ မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ ဖရဲ၊ သခွားမွှေးကို ချင်းပြည်နယ်နှင့် ကယားပြည်နယ်ကလွဲရင် နေရာတော်တော်များများမှာ စိုက်ပျိုးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013