
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အဘော်ကျေးရွာ ပတ္တမြားတန်းရပ် ရေလုပ်ငန်းရှင်တဦးက ပုစွန်လှန်း၊ ငါးခွဲငါးလှန်းတဲ့အလုပ်ရုံမှာ အလုပ်လုပ်နေတဲ့ အရွယ် မရောက်သေးတဲ့ ၁၅ နှစ်အရွယ် အမျိုးသမီးငယ်ကို ဧပြီ ၂၃ ရက်နေ့ မနက်က အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ ရေးမြို့မရဲ စခန်းက ပြောပါတယ်။
ငါးခွဲရုံမှာ နေထိုင်တဲ့အမျိုးသမီးငယ်ဟာ ရေလုပ်ငန်းရှင်ရဲ့ နေအိမ် အနောက်မီးဖိုချောင်မှာ အိပ်ပျော်နေချိန် ဦးခင်မောင်တင့်က အဓမ္မပြုကျင့်ခဲ့ကြောင်း၊ လွန်ခဲ့တဲ့ ၁ လ လောက်ကလည်း သားမယားအဖြစ် တကြိမ် ပြုကျင့်ခဲ့ကြောင်း၊ အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တဲ့ ဦးခင်မောင်တင့်ကို ဥပဒေအရအရေးယူပေးဖို့ ဧပြီ ၂၆ ရက်က ရေးမြို့မရဲစခန်းထံ ကာယကံရှင်က တိုင်တန်းခဲ့တယ်လို့ ဆိုပါတယ်။
အဓမ္မပြုကျင့်ခဲ့တယ်လို့ တိုင်ကြားခံရတဲ့ ရေလုပ်ငန်းရှင် ဦးခင်မောင်တင့်ကတော့ လက်ရှိအချိန်မှာ ထွက်ပြေးတိမ်းရှောင်နေလို့ ရာဇသတ်ကြီးပုဒ်မ-၃၇၆ နဲ့ အမှုဖွင့်အရေးယူနိုင်ဖို့ စုံစမ်းရှာဖွေနေကြောင်း ရေးမြို့နယ် ရဲစခန်း ဒုရဲမှူး စိုးမွန်က ပြောပါတယ်။
နေမျိုးထွဋ် (ရေး)











