DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးတဦးအား ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းသူများကို ဖမ်းမိ
DVB
·
April 26, 2017
Donate to DVB

ပဲခူးတိုင်း သာယာဝတီခရိုင် သုံးဆယ်နယ်မြေမှာ လက်ဖက်ရည်ဆိုင်မှာ အလုပ်သွင်းပေးမယ်လို့ ပြောဆိုစည်းရုံးပြီး ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းခဲ့ရာမှာပါဝင်သူ ၇ ဦးကို  ၂၄ နာရီအတွင်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သာယာဝတီမြို့နယ်၊ ဖိုးခေါင်ကျေးရွာအုပ်စု ဇရပ်ကြီးနေ  အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတဦးကို သာယာဝတီမြို့နယ် ဆရာစံမြို့သစ်နေသူ မမာမာဆိုသူက လက်ဖက်ရည်ဆိုင်မှာ အလုပ်သွင်းပေးမယ်ပြောဆိုစည်းရုံးခဲ့ပြီး သုံးဆယ်မြို့ ဆရာစံမြို့ သစ်နေသူ ဒေါ်အေးမြင့်နေအိမ်ကို ပို့ဆောင်ခဲ့ပါတယ်။

ဒေါ်အေးမြင့်ကတဆင့် ဇီးကုန်းမြို့ အမှတ် ၅ လမ်းနေသူ ဦးလှိုင်တင့်နဲ့ ဇနီးဖြစ်သူ ဒေါ်သန်းသန်းအေးနေအိမ်ကို ဆက်လက် ပို့ဆောင်ခဲ့ပါတယ်။

ဒီနောက်မှာတော့ အဆိုပါအမျိုးသမီးကို ဦးလှိုင်တင့်နဲ့ ဇနီးဖြစ်သူတို့က ငွေကြေး တစုံတရာမပေးဘဲ အမျိုးသားတွေနဲ့ တဦးကို ၁၅၀၀၀ ကျပ်ယူပြီး ပြည့်တန်ဆာအဖြစ် အကြိမ်ကြိမ် ခိုင်းစေခဲ့ကြောင်း၊ ဦးလှိုင်တင့်ကိုယ်တိုင်လည်း တကြိမ်ပြုကျင့်ခဲ့ကြောင်း ပဲခူး အမှတ် ၃ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု၊ သာယာဝတီ ရုံးခွဲမှ ရဲအုပ် လှဇော်ဝင်းက ပြောပါတယ်။

ပြည့်တန်ဆာအဖြစ် အကြိမ်ကြိမ် ခိုင်းစေခဲ့ပြီးနောက် ဦးလှိုင်တင့်နဲ့ ဇနီးတို့ဟာ အမျိုးသမီးကို အုတ်ဖိုမြို့နယ် အေးမြသာယာမြို့ ဘောလုံးကွင်းအနီးရှိ ဒေါ်မေသူထံ ငွေ ၁၃၀၀၀၀နဲ့ ပြန်လည်ရောင်းချခဲ့ကြောင်း၊ ဒေါ်မေသူကလည်း ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းခဲ့ကြတဲ့  ဒေါ်မာမာ၊ ဒေါ်အေးမြင့်၊ ဦးလှိုင်တင့်၊ ဒေါ်သန်းသန်းအေးနဲ့ ဒေါ်မေသူ အပါအ၀င် ၇ ဦးကို ဥပဒေအရအရေးယူပေးဖို့ ဧပြီ ၂၅ ရက်နေ့မှာ ကျူးလွန်ခံရတဲ့ အမျိုးသမီးကိုယ်တိုင် တရားလို ပြုလုပ်တိုင်ကြားခဲ့တာလို့ ရဲအုပ် လှဇော်ဝင်းက ပြောပါတယ်။

တရားခံအားလုံးကို ဖမ်းဆီးရမိထားပြီး သုံးဆယ်နယ်မြေရဲစခန်းက လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ-၂၄အရ အရေးယူထားကာ အမြန်ဆုံး တရားစွဲဆိုနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သုံးဆယ်နယ်မြေရဲစခန်းမှူး ရဲအုပ်ဝင်းဇော်ဦးက ဒီဗွီဘီကိုပြောပါတယ်။
သတင်းပေးပို့ - ဝဏ္ဏထွန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013