DVB Logo
Home
မြန်မာသတင်း
ရသေ့တောင်ဗလီ မီးလောင်မှု ဗလီဆရာတဦးကို အမှုဖွင့်အရေးယူ
DVB
·
April 26, 2017
Donate to DVB

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာအနားမှာရှိတဲ့ ဗလီမီးလောင်မှုနဲ့ ပတ်သက်လို့ ဗလီဆရာတဦးကို ပေါ့ဆမီးလောင်မှုကြောင့် စေတီပြင်နယ်ခြားစောင့်တပ်က အမှုဖွင့် အရေးယူလိုက်ပါတယ်။

ဧပြီ ၂၅ ရက်နေ့ ညနေ ၁၀ နာရီဝန်းကျင်လောက်က စေတီပြင်ကျေးရွာအနီးရှိ ဗလီအတွင်းမှာ မီးလောင်မှုတခု ဖြစ်ခဲ့ပြီး ဗလီအတွင်း စာရွက်စာတမ်းအချို့ ပျက်စီးခဲ့တယ်လို့ ရသေ့တောင်မြို့နယ်မှူး ရဲမှူး ဇော်ဝင်းအောင်က ဒီဗွီဘီကို ပြောပါတယ်။

“ဗလီကို မီးလောင်တာတော့ မဟုတ်ဘူးခင်ဗျ။ ဗလီထဲမှာရှိတဲ့ ကော်ဇောကို မီးလောင်တာပါ။ ဖယောင်းတိုင်ကတဆင့် မီးလောင်တာပါ။ မီးထွန်းပြီးတော့ ထားခဲ့တာ ဖြစ်လိမ့်မယ်။ အဲဒီမှာ အစောင့်ကလည်း မရှိဘူး။ သော့ခတ်ပြီးတော့ ထွက်သွားထင်တယ်။ မီးလောင်မှုတွေကြောင့် ကျနော်တို့ ဗလီဆရာတယောက်ကို ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်ထားပါတယ်။ ပေါ့ဆမှုကြောင့် အမှုဖွင့်လိုက်တာပါ။”

အခုလို မီးလောင်မှုတွေကြောင့် ဗလီရှိ စာရွက်စာတမ်း အချို့နဲ့ သေတ္တာအသေးစားတလုံး မီးလောင်ရာမှာ ပါသွားပြီး တစုံတရာ ထိခိုက်ဒဏ်ရာ ရရှိတာမျိုး မရှိသလို ဖေ့စ်ဘွတ်ခ်မှာ Ro Nay San Lwin အမည်နဲ့ ရခိုင်အစွန်းရောက်တချို့ မီးရှို့လိုက်တယ်ဆိုတာကို ရေးသားထားတာဟာ ပဋိပက္ခဖြစ်အောင် တမင်ရည်ရွယ်ပြီး ဖန်တီးလိုက်တာလို့ ရဲမှူးက ဆက်လက်ပြောပါတယ်။

“မဟုတ်ဘူး။ သူက အဲဒါ ဖွတာ။ သတင်းအမှန် မဟုတ်ဘူး။ ဒီမှာက ဘာမှမဖြစ်တာ။ အားလုံး အေးအေးချမ်းချမ်းပါပဲ။ ခိုက်ရန်ဖြစ်ပွားတာလည်း လုံးဝမရှိဘူး။ ပြဿနာ ဘာမှမဖြစ်ဘူး။ အဲဒါ ပဋိက္ခဖြစ်အောင် တမင်ရည်ရွယ်ဖန်တီးနေကြတာ။ ဟိုဘက် ဒီဘက် ရခိုင်ရွာတွေ၊ မွတ်စလင်ရွာတွေက အားလုံးက မီးလောင်တယ်ဆိုပြီး လာထွက်ကြည့်တာလေ။ ကျနော်တို့လည်း တညလုံး ရှိနေတာပဲ။ ဘာမှမဖြစ်ဘူး။”

ဗလီမီးလောင်ရာကို ရောက်ရှိလာတဲ့ စေတီပြင်မွတ်စလင်ကျေးရွာနေ မူဟာမတ်အာယာစ် (ကျော်မင်းအောင်)က “ရခိုင်တွေနဲ့ တစုံတရာ ခိုက်ရန်ဖြစ်ပွားတာ မရှိဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ မီးလောင်တယ်ဆိုလို့ ထွက်ကြည့်တာပါ။ ဟိုဘက် ရခိုင်ရွာကလူတွေ ဗလီဘက်ကို လာတယ်။ ဒီက ကျနော်တို့ ရွာက လူတွေလည်း ဗလီဘက်ကို သွားကြည့်ကြပါတယ်။ ခိုက်ရန်ဖြစ်တာ လုံးဝမရှိဘူးဘူး ခင်ဗျ။ ခိုက်ရန်ဖြစ်ပွားတယ်ဆိုတာ သတင်းအမှား ကောလာဟလာတွေပါ။ အားလုံး အေးအေးချမ်းချမ်းပါပဲ။ ဒီမှာက နယ်ခြားစောင့်လည်း ရှိတယ်လေ။ မီးငြှိမ်းသတ်လို့အပြီး အားလုံး ၁၂ နာရီလောက်မှာ အားလုံး ပြန်ကြပါတယ်။”

မီးလောင်မှုနဲ့ပတ်သက်လို့ ဗလီဆရာ အာဒူမာလိတ် (၃၂-နှစ်) စေတီပြင်(မွတ်ဆလင် ကျေးရွာ) ကျေးရွာကဖြစ်ပြီး သူ့ကို ရသေ့တောင် နယ်ခြားစောင့်တပ်စခန်းက (ပ)/၁၆ ၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်ဆောင်ရွက်နေတယ်လို့ ရဲမှူးက ပြောပါတယ်။

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013