DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ဆန္ဒပြ ကျောင်းသား ၄ ဦးကို ဖမ်းဆီးပြီး ရဲစခန်း၌ စစ်ဆေးနေ
DVB
·
April 26, 2017
Donate to DVB

 

စစ်ကိုင်းပညာရေးကောလိပ်မှာ စစ်တပ်ပုံစံ ဖိနှိပ်အုပ်ချုပ်မှု အလိုမရှိဆိုပြီး ဆန္ဒပြခဲ့တဲ့ စစ်ကိုင်းပညာရေး ကောလိပ်က ကျောင်းသား ၂ ဦးနဲ့ ၀န်ရံ ဗကသကျောင်းသား ၂ ဦးတို့ကို  ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေပါတယ်။

စစ်ကိုင်း ပညာရေးကောလိပ်မှ ကျောင်းသား ၂ ဦးက  မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် လမ်း ၈၀၊ ၃၄ x ၃၅ လမ်းကြားရှိ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနရှေ့မှာ ဒီကနေ့ မနက် ၁၀ ခွဲလောက်က ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒဖော်ထုတ်တဲ့ ပညာရေးကောလိပ်ကျောင်းသား ၂ ဦးနဲ့ ၀န်းရံဗကသ ကျောင်းသား ၂ ဦးတို့ကို ဆန္ဒပြပြီး ၁၅ မိနစ်အကြာမှာပဲ ဖမ်းဆီးခံခဲ့ရပြီး အခုချိန်အထိ အမှတ် ၈  ရဲစခန်းမှာ  စစ်ဆေးခံနေရတယ်လို့ သူတို့အခြေအနေကို စောင့်ကြည့်နေတဲ့ အထက်ဗမာပြည် ဗကသကျောင်းသားများအဖွဲ့က ကိုအောင်မှိုင်းဆန်းက ပြောပါတယ်။

“သူတို့ မနက်က အဖမ်းခံရတာ ၄ ယောက်ပေါ့နော်။ လောလောဆယ် မန္တလေး အမှတ် ၈ ရဲစခန်းထဲမှာ ခေါ်ပြီးတော့ စစ်ဆေးနေတုန်း အခုထိပေါ့နော်။ စောစောက ကျနော် ခဏတွေ့ခွင့်ရသလောက်က ကျောင်းသားတွေပြောတာက သူတို့ကို ခံဝန်ထိုးခိုင်းတယ်ပေါ့။ သူတို့က မထိုးဘူးလို့ ပြောတယ်။ ခံဝန်မထိုးဘူး ဆိုလို့ရှိရင်တော့ အရေးယူမယ့် သဘောတော့ရှိတယ်။ ဘယ်ပုဒ်မ တပ်မလဲတော့ မသိဘူးပေါ့နော်။ အခုထိတော့ တိတိကျကျ မသိရသေးဘူး။”

အဓိက ဆန္ဒပြတာက စစ်ကိုင်းပညာရေးကောလိပ်က ကိုဇော်ရဲထက်နဲ့ ဗကသအဖွဲ့ဝင် ကိုနှင်းအောင်တို့ဖြစ်ပြီး ၀န်းရံ ၀ိုင်းကူပေးတဲ့  မန္တလေး ရတနာပုံတက္ကသိုလ်က ကိုရဲမျိုးဆွေနဲ့ မန္တလေးနည်းပညာတက္ကသိုလ်က ကိုကောင်းဇော်ဟိန်းကိုပါ ဖမ်းဆီးခဲ့ရတာဖြစ်ပါတယ်။

ဗကသကျောင်းသား ကိုနှင်းအောင်က ဒီဆန္ဒပြပွဲမတိုင်ခင် အလုပ်သမားအရေးကိစ္စတွေ၊ ကျောင်းသားအရေးကိစ္စအတွက် ဆန္ဒပြလို့ အရင်ကလည်း ဖမ်းဆီးခံရခဲ့ဖူးသူဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013