
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ဆယ်စုနှစ်တခုနီးပါးကာလအတွင်း အမေရိကန်သမ္မတတဦးအနေနဲ့ တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် လာရောက်တဲ့ ခရီးစဉ်အဖြစ် မေ ၁၃ ရက်ညနေပိုင်းက ပေကျင်းမြို့တော်ကို ရောက်ရှိလာပါတယ်။
အမေရိကန်သမ္မတထရမ့်ပ်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် မေ ၁၃ ရက်မှ ၁၅ ရက်အထိ လာရောက်လည်ပတ်တာဖြစ်ပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း ထရမ့်ပ်ရဲ့ ဒုတိယအကြိမ်မြောက် ခရီးစဉ်လည်း ဖြစ်ပါတယ်။
ချစ်ကြည်ရေးခရီးရောက်လာတဲ့ သမ္မတထရမ့်ပ်နဲ့အဖွဲ့ကို တရုတ်ဒုတိယသမ္မတ ဟန်ကျန်းနဲ့တာဝန်ရှိသူတွေက ဂုဏ်ပြုတပ်ဖွဲ့နဲ့အတူ လေဆိပ်မှာ ကြိုဆိုခဲ့ပါတယ်။
သမ္မတထရမ့်ပ်နဲ့အတူ အစိုးရအဖွဲ့ဝင်တွေသာမက Teslaနဲ့ SpaceX ကုမ္ပဏီတွေရဲ့ CEO ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ခ်နဲ့ ကမ္ဘာကျော် နည်းပညာကုမ္ပဏီ Nvidia ရဲ့ ပူးတွဲတည်ထောင်သူ CEO ဂျန်းဆင်ဟွမ်တို့လည်း လိုက်ပါလာပါတယ်။
ဒီခရီးစဉ်မှာ သမ္မတထရမ့်ပ်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဓိကကိစ္စရပ်တွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် အမြင်ချင်းဖလှယ် ဆွေးနွေးသွားကြမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားပါတယ်။
၂ ရက်ကြာကျင်းပမဲ့ ထိပ်သီးဆွေးနွေးပွဲမှာ အမေရိကန်စီးပွားရေးလုပ်ငန်းတွေ အတွက် လမ်းဖွင့်ပေးဖို့ တရုတ်သမ္မတရှီကို တိုက်တွန်းသွားမယ်လို့ ထရမ့်ပ်က ကတိပြုပြောကြားထားပါတယ်။
သမ္မတထရမ့်ပ်ကို သမ္မတရှီက ပြည်သူ့ခန်းမဆောင်ကြီးမှာခမ်းနားထည်ဝါစွာ ကြိုဆိုဖို့ရှိသလို ယူနက်စကို အမွေအနှစ်စာရင်းဝင် ကောင်းကင်ဘုံဘုရားကျောင်းကို သွားရောက်လေ့လာတာနဲ့ နိုင်ငံတော်အဆင့် ဂုဏ်ပြုညစာစားပွဲတွေလည်း ပါဝင်မှာဖြစ်ပါတယ်။
ကုန်သွယ်ရေးကိစ္စရပ်တွေအပြင်၊ အီရန်စစ်ပွဲကိစ္စနဲ့ ထိုင်ဝမ်ကျွန်းကို အမေရိကန်ရဲ့ လက်နက်ရောင်းချမှုတွေအထိ ထိလွယ်ရှလွယ်တဲ့ အကြောင်းအရာများစွာကိုလည်း ဆွေးနွေးသွားဖို့ ရှိနေပါတယ်။
အရှေ့အလယ်ပိုင်းပဋိပက္ခတွေ အဆုံးသတ်ဖို့ အမေရိကန်နဲ့ သဘောတူညီချက်တရပ် ရရှိစေရေးအတွက် အီရန်ကို ဆွဲဆောင်စည်းရုံးဖို့ ထရမ့်ပ်က တရုတ်နိုင်ငံကို တိုက်တွန်းလိမ့်မယ်လို့ အများက မျှော်လင့်ထားကြပေမဲ့ ဒေါ်နယ်ထရမ့်ပ်ကတော့ တရုတ်ရဲ့အကူအညီလိုအပ်မယ် မထင်ဘူးလို့ ပြောကြားထားပါတယ်။
Source: Reuters











