DVB Logo
Home
မြန်မာသတင်း
အာဆီယံထိပ်သီးအစည်းအဝေး သမ္မတမတက်ဘဲ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်မည်
DVB
·
April 26, 2017
အာဆီယံထိပ်သီးအစည်းအဝေး သမ္မတမတက်ဘဲ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်မည်
Donate to DVB

ဖိလစ်ပိုင်နိုင်ငံမှာကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်မယ်လို့  ဒီကနေ့ထုတ်အစိုးရပိုင်သတင်းစာတွေမှာ အတည်ပြု သတင်းထုတ်ပြန်ပါတယ်။

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးရဲ့ဖိတ်ကြားချက်အရ ဧပြီ ၂၉ရက် ဖိလစ်ပိုင်နိုင်ငံ မှာကျင်းပမယ့် အကြိမ် ၃၀ မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်မယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီယံအစည်းအဝေးက ပြန်လာပြီးနောက် ဗြိတိန်၊ အီတလီနဲ့ အီးယူဥရောပ သမဂ္ဂဌာနချုပ်ရှိရာ ဘယ်လ်ဂျီယံနိုင်ငံတွေကိုလည်း ဆက်လက်သွား ရောက်မယ်လို့လည်း  ထုတ်ပြန်ထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာအပိုင် ပါဆေးမြို့မှာ ကျင်းပမယ့် အာဆီယံထိပ်သီး အစည်းအဝေးကို  ထိုင်း၊ စင်ကာပူ၊ မလေးရှား၊အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ဘရူနိုင်းစတဲ့ အာဆီယံ ၁၀နိုင်ငံက  သမ္မတ၊ ၀န်ကြီးချုပ်နဲ့ နိုင်ငံတော်အကြီးအကဲတွေ တက်ရောက်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတစ်နိုင်ငံဘဲ နိုင်ငံတော်အကြီးအကဲကို စေလွှတ်ခြင်းမရှိတာဖြစ်တယ်၊ ဒီအစား  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံကိုယ်စားပြု တက်ရောက်မှာဖြစ်တယ်၊ သမ္မတ ဦးထင်ကျော်ကတော့ ပြည်တွင်းကိစ္စတွေအပေါ်မှာ အာရုံစိုက်နေရတယ်လို့ အာဆီယံနိုင်ငံများဆိုင်ရာ စီစဉ်ညှိနှိုင်းရေးကောင်စီ ညွန်ကြားရေးမှူးချုပ် သံအမတ်ကြီး မာစီရာနို ပေနော်က အာဆီယံသတင်းတွေ ရေးသားနေတဲ့  Rappler သတင်းဌာနကိုပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လာအိုနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို လည်း နိုင်ငံကိုယ်စားပြုဦးဆောင်တက်ရောက်ခဲ့ဖူးပြီး ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမယ့် အစည်းအဝေးကို တော့ ပထမဆုံးအကြိမ်တက်ရောက်မှာဖြစ်ပါတယ်။

ဒီအစည်းအဝေးဟာ ဖိလစ်ပိုင် သမ္မတ ဒူတာတေးလက်ထက်မှာ ပထမဆုံးအကြိမ်ကျင်းပမယ့် အာဆီယံ ထိပ်သီး အစည်းအဝေးလည်းဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်မှာ  မြောက်ကိုရီးယားနဲ့ အမေရိကန်အကြား စစ်ရေးတင်းမာနေချိန်မှာ ကျင်းပမယ့် အစည်းအဝေးလည်းဖြစ်ပါတယ်။

ဒီထိပ်သီးအစည်းအဝေးမှာ ဒေသတွင်းတည်ငြိမ်းအေးချမ်းရေးနဲ့ နိုင်ငံတကာအရေးကိစ္စတွေ၊ ရေကြောင်းလုံခြုံရေးနဲ့  တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်တဲ့ စောင့်ထိမ်းလိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေ အရေးကိစ္စတွေလည်း ဆွေးနွေးကြမယ်လို့ ဖိလစ်ပိုင်သမ္မတ ဆက်ဆံရေးရုံးကသိရပါတယ်။

ဒါ့အပြင် အာဆီယံခေါင်းဆောင်တွေဟာ အာဆီယံပါလီမန်အမတ်တွေနဲ့  အာဆီယံ လူငယ်ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံဖို့ရှိပြီး ဘရူနိုင်း- အင်ဒိုနီးရှား-မလေးရှားနဲ့ ဖိလစ်ပိုင် ၄ နိုင်ငံပါဝင်တဲ့ အရှေ့အာဆီယံဒေသ ကြီးပွားတိုးတက်ရေးဆွေးနွေးပွဲနဲ့ အင်ဒိုနီးရှား-မလေးရှားနဲ့ ထိုင်းတို့ ပါဝင်တဲ့ သုံးပွင့်ဆိုင် တိုးတက်ရေးဆွေးနွေးပွဲတွေလည်း သီးခြားကျင်းပဖို့ရှိပါတယ်။

ဧပြီ ၂၆ ရက်ကနေ ၂၉ရက်ထိကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေမှာ  အာဆီယံ ၁၀နိုင်ငံက အစိုးရထိပ်တန်းတာဝန်ရှိသူတွေအပါအ၀င် ကိုယ်စားလှယ် ၂၀၀၀ လောက်တက်ရောက်မှာဖြစ်လို့ လုံခြုံရေးကို အမြင့်ဆုံးပြင်ဆင်ထားပြီး ရဲတပ်ဖွဲ့ဝင်အင်အား ၂၆၀၀၀ ထောင်လောက်ချထားမယ်လို့ ဖိလစ်ပိုင်ရဲတပ်ဖွဲ့ အကြီးအကဲကပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ လာမယ့် နိုဝင်ဘာလ ဖိလစ်ပိုင်မှာ ကျင်းပမယ့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးနဲ့ အာဆီယံ-အမေရိကန် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးမှာ ပါဝင်တက်ရောက်မယ်လို့  အမေရိကန် ဒုသမ္မတ မိုက်ခ်ပန့်စ်က အင်ဒိုနီးရှားခရီးစဉ်မှာ အတည်ပြုပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013