DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ် ဒေသအလိုက်အမျိုးသားဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြီးဆုံး
DVB
·
April 26, 2017
ရှမ်းပြည်နယ် ဒေသအလိုက်အမျိုးသားဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြီးဆုံး
Donate to DVB

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမှာ ဧပြီလ ၂၃ ရက်ကစ  ၃ ရက်တာ ကျင်းပခဲ့တဲ့ ဒေသအလိုက် အမျိုးသားဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ရှမ်းပြည်နယ်) ဧပြီ ၂၅ ရက်နေ့ ညနေပိုင်းမှာ ပြီးဆုံးသွားခဲ့ ပါတယ်။

၃ ရက်တာဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချတာတွေ မရှိဘဲ သက်ဆိုင်ရာအဖွဲ့အသီးသီးက တင်ပြလာတဲ့ စာတမ်းနဲ့ ဆွေးနွေးချက်တွေကို စုစည်းကာ  UPDJC  ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီကို ဆက်တင်ပြမှာဖြစ်သလို  လာမယ့် ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ အတွက် အထောက်အကူပြုမယ့် အချက်အလက်တွေဖြစ်တယ်လို့  ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပါတီကော်မတီဝင် အနေနဲ့ ဆွေးနွေးပွဲတက်ရောက်ခဲ့သူ ဒေါ်နန်းမြဦးက ဒီဗွီဘီကို ပြောပါတယ်။

“အဖွဲ့အစည်းတွေက တင်သွင်းလာတဲ့စာတမ်းတွေ၊ ဖက်ဒရယ်ဒီမိုကရေစီဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒအကြောင်းတွေကို အဖွဲ့လိုက် ဆွေးနွေး ထားခဲ့တာတွေကို အားလုံးပြန်ပြီး စုစည်းထားတော့ တော်တော်လေးများပါတယ်။ နိုင်ငံရေး ခေါင်းစဉ်အောက်မှာဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ပြင်ဆင်ရေးလည်းပါတယ်။ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံဖြစ်အောင် ထူထောင်သွားမယ်ဆိုတာလည်း ပါတယ်။ စီးပွားရေးအပိုင်းမှာဆို ဖက်ဒရယ်စနစ် အောက်မှာ စီးပွားရေးတိုးတက်အောင် ဘယ်လို ပုံစံမျိုးနဲ့ ဖော်ဆောင်သွား မလဲ ပေါ့။ မြေယာနဲ့ ပတ်သက်ပြီးတော့ ဘိုးဘွားစဉ်ဆက် ဓားမဦးချလုပ်ကိုင်လာတဲ့ မြေပိုင်ရှင်တွေကို အသိအမှတ်ပြုဖို့၊ မူရင်းပိုင်ရှင်တွေက ပြည်သူတွေဖြစ်တယ်ဆိုတဲ့ အကြောင်း၊ နောက်နောင် မြေယာသိမ်းဆည်းမှုတွေ မဖြစ်ပေါ်အောင် ကာကွယ်ရမယ်ဆိုတဲ့အကြောင်းတွေ ပါတယ်။ ပအိုဝ်း တိုင်းရင်းသားတွေကတော့ သူတို့ကို ဘယ်လူမျိုးစုအောက်မှာမှ မထည့်သွင်းဖို့ဆိုတာ ပါတယ်။”

ဆွေးနွေးချက်တွေကိုအားလုံးကို စုစည်းထားတဲ့ မှတ်တမ်းစာအုပ် ၃ အုပ် ထွက်ရှိလာပြီး  UPDJC ကို တင်ပြသွားဖို့ ရှိတယ်လို့ သိရပါတယ်။

RCSS/SSA ရှမ်းပြည်တပ်မတော် ကိုယ်စားလှယ်အဖြစ်တက်ရောက်ခဲ့သူ ဒုဗိုလ်မှူးကြီး စိုင်းဦးကတော့  ရှမ်းအဖွဲ့အစည်းနဲ့ ရှမ်းပြည်သူတွေရဲ့ ဘုံသဘောထားကို ကောက်ယူမယ့်  ရှမ်းလူမျိုး အလိုက် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပနိုင်သေးတာကြောင့် ဒီဆွေးနွေးပွဲမှာ ရှမ်းလူမျိုးရဲ့ သဘောထားတွေ မပါဝင်သေးဘူးလို့ ပြောပါတယ်။

“ကျနော်တို့ လူမျိုးအလိုက်နိုင်ငံရေးဆွေးနွေးပွဲလုပ်နိုင်ဖို့က အားလုံးသိတဲ့အတိုင်း ဆွေးနွေးပွဲ လုပ်ဖို့နေ ရာညှိလို့မရသေးဘူး ဖြစ်နေတယ်၊  ကျနော်တို့က တောင်ကြီး ဒါမှမဟုတ်ပင်လုံမှာ လုပ်ချင်တယ်၊ စစ်တပ်က ကျနော်တို့ကို မိုင်းပန်နဲ့ မုံးတော့မုံးထားမှာ လုပ်ခိုင်းတယ်၊ အဲဒီ ညှိလို့မရသေးဘူး၊ ဒါကြောင့် ဒီပွဲမှာ ရှမ်းလူမျိုးအနေနဲ့ သဘောထားတွေ မတင်ပြရပါဘူး။ ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကျင်းပတဲ့အထိ ကျနော်တို့ ရှမ်းလူမျိုးညီလာခံမကျင်းပ နိုင်ရင်တော့  အဲဒီညီလာခံမှာလည်း ရှမ်းလူမျိုးသဘောထားအမြင်တွေ ပါနိုင်မှာမဟုတ်ဘူး၊ ဒါပေ မယ့်  ကျင်းပလို့ရအောင် ကျနော်တို့ အတတ်နိုင်ဆုံး ညှိနှိုင်းသွားမှာပါ။”

UPDJC မှ ချမှတ်ထားတဲ့ မူဝါဒအတိုင်း ရှမ်းပြည်နယ်အစိုးရက စီစဉ်ကျင်းပတဲ့ ဒေသ အလိုက် အမျိုးသားဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ  ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်အဖွဲ့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ က  တာဝန်ရှိသူတွေ၊ နိုင်ငံရေးပါတီများ၊ အန်စီအေ လက်မှတ်ထိုးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒါ့အပြင် ဒေသခံရှမ်း၊ အင်း၊ လားဟူ၊ တောင်ရိုး အစရှိတဲ့ တိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့၊ ၀၊ ပလောင်၊ ကိုးကန့်၊ ဓနု စတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးမှူးတွေ၊  လူမှုအခြေပြု အဖွဲ့အစည်းကိုယ်စားလှယ်တွေ စုစုပေါင်း ၄၀၀ ကျော်တက်ရောက်ပြီး စာတမ်း ပေါင်း ၆၃ စောင်ကို တင်သွင်း ဖတ်ကြားခဲ့ကြပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013