DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး ကားလမ်းပေါ်တွင် ယာဉ်တိုက်မှု ၂ ကြိမ် ဖြစ်ပွား၊ ၁ ဦး သေဆုံး
DVB
·
April 25, 2017
ရန်ကုန်-မန္တလေး ကားလမ်းပေါ်တွင် ယာဉ်တိုက်မှု ၂ ကြိမ် ဖြစ်ပွား၊ ၁ ဦး သေဆုံး
Donate to DVB

 

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်အတွင်း ရန်ကုန်-မန္တလေး ကားလမ်းပေါ်မှာ ဒီနေ့ မနက်ပိုင်းက ယာဉ်တိုက်မှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ၁ ဦး သေဆုံးခဲ့တယ်လို့ ညောင်လေးပင် မြို့မ ရဲစခန်းက သိရပါတယ်။

ဧပြီလ ၂၅ ရက် မနက် ၅ နာရီ ၃၀ မိနစ်အချိန်က ညောင်လေးပင်မြို့ ရန်ကုန်-မန္တလေး ကားလမ်း မိုင်တိုင်အမှတ် ၉၉/၇၊ အောင်ခိုင်ဓာတ်ဆီဆိုင်အနီးမှာ ယာဉ်တိုက်မှုတကြိမ်ဖြစ်ပွားပြီး ၁ ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ညောင်လေးပင်မြို့ ရန်ကုန်-မန္တလေး ကားလမ်းမိုင်တိုင်အမှတ် (၁၀၃/၁) တော်ဝိကျေးရွာအနီးမှာ မနက် ၈ နာရီ ၂၀ မိနစ်က နောက်တကြိမ်ဖြစ်ပွားကာ ဧပြီလ ၂၅ ရက်နေ့ မနက်ပိုင်းကလည်း ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရှိရပါတယ်။

ဒီနေ့ မနက် ၅ နာရီ ၃၀ မိနစ်က ရန်ကုန်ဘက်မှ မန္တလေးဘက်ကို ယာဉ်မောင်း အမည်မသိ မောင်းနှင်လာတဲ့ မော်တော်ယာဉ်မှာ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၉၉/၇၊ အောင်ခိုင်ဓာတ်ဆီဆိုင်အနီးမှာ ရွှေကျင်မြို့နေသူ  ကိုပြေငြိမ်း မောင်းနှင်လာတဲ့ ဆိုင်ကယ်အမှတ် ၅၇ယ/၂၁၉၄၇ မော်တော်ဆိုင်ကယ်ကို မော်တော်ယာဉ်အရှိန်မထိန်းနိုင်ဘဲ နောက်မှ ဝင်ရောက်တိုက်မိပြီး မော်တော်ဆိုင်ကယ် မောင်းနှင်သူ ကိုပြေငြိမ်းမှာ အခင်းဖြစ်ရာနေရာတင် သေဆုံးသွားခဲ့တယ်လို့ ရဲမှတ်တမ်းအရသိရပါတယ်။

အလားတူ ဒီနေ့ မနက် ၈ နာရီ ၂၀ မိနစ်က ရန်ကုန်-မန္တလေး ကားလမ်းမိုင်တိုင်အမှတ် ၁၀၃/၁ တော်ဝိကျေးရွာအနီးတွင် ရန်ကုန်ကနေ မန္တလေးဘက်ကို ယာဉ်မောင်း သံလွင်အောင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နေသူ မောင်းနှင်လာတဲ့ ယာဉ် TITAN အမျိုးအစား ၆  ဘီးယာဉ်ကို မျက်နှာချင်းဆိုင် ရန်ကုန်ဘက်မှ မန္တလေးဘက်ကို မောင်းနှင်လာတဲ့ မန္တလေးတိုင်း ဒေသကြီး၊ ကူမဲမြို့နေသူ အောင်ကို  မောင်းနှင်လာတဲ့ NISSAN အမျိုးအစား သကြားတွေ တင်ဆောင်လာတဲ့ ၁၈ ဘီးယာဉ်က အရှိန်မထိန်းနိုင်ဘဲ ကားလမ်း ဝဲဘက်ယာဉ်ကြောကို ရောက်ရှိသွားပြီး မျက်နှာချင်းဆိုင်မှ မောင်းနှင်လာတဲ့ ယာဉ်ကို ဝင်ရောက်တိုက်မိခဲ့ပါတယ်။ ကားလမ်း အနောက်ဘက်ကို ယာဉ် ၂ စီးလုံး ထိုးကျသွားခဲ့ကာ တစီးမှာ တိမ်းမှောက် သွားခဲ့တယ်လို့ သိရပါတယ်။

ယာဉ် ၂  စီး မျက်နှာချင်းဆိုင်တိုက်မှုကြောင့် ယာဉ် ၂ စီးပေါ် လိုက်ပါလာသူ ဦးသောင်းမြင့်ဦး၊ ဦးဝင်းနိုင်၊ ဦးလှဌေး၊ ဒေါ်ခင်မြင့်တို့မှာ မစိုးရိမ်ရတဲ့ ဒဏ်ရာအသီးသီးရရှိကာ ဦးမျိုးမြင့်ဦးမှာ အတွင်းလူနာအဖြစ် ပိန်းဇလုတ်တိုက်နယ်ဆေးရုံမှာ ကုသနေတယ်လို့ သိရပါ တယ်။

ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး မော်တော်ကား အရှိန်ပြင်းစွာ မောင်းနှင်ပြီး ဆိုင်ကယ် တိုက်မိ သေဆုံးစေသူ အမည်မသိ(စုံစမ်းဆဲ)ဆိုသူကို ရာဇသတ်ကြီး ပုဒ်မ ၃၀၄(က)/၂၀၂ နဲ့ အမှုဖွင့် စုံစမ်းရှာဖွေနေပါတယ်။ အလားတူ ယာဉ်မဆင်မခြင် မောင်းနှင်ပြီး မျက်နှာချင်းဆိုင် တဖက်ယာဉ်ကြောမှ မောင်းနှင်လာတဲ့ မော်တော်ယာဉ်ကို ဝင်ရောက်တိုက်မိသူ ယာဉ်မောင်း အောင်ကို ကို ရာဇသတ်ကြီး ပုဒ်မ ၃၃၇/၃၃၈ တို့ဖြင့် ညောင်လေးပင် မြို့မရဲစခန်းက အမှုဖွင့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013