ရှေးဟောင်းပစ္စည်းကို ထိန်းသိမ်းစောင့်ရှောက်ရေး လက်တွေ့သင်တန်းပြုလုပ်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ သာစည်ကျေးရွာရှိ အောင်ချမ်းသာတိုက်သစ် ကျောင်းတိုက်မှာ ဧပြီလ ၂၅ ရက်နေ့ မနက်ပိုင်းက ပထမဆုံးအကြိမ်အဖြစ် ရှေးဟောင်းစာပေ၊ ပေပုရပိုက်နှင့် ရှေးဟောင်းပစ္စည်းများ ထိန်းသိမ်းစောင့်ရှောက်ခြင်း လက်တွေ့သင်တန်းကို ပြုလုပ်ခဲ့ပါတယ်။
ဒီသင်တန်းကို မဟာစေတီလှဘုရားကြီးရဲ့ ဂေါစရဂါမ် ၆၄ က ကျောင်းထိုင်ဆရာတော်နဲ့ စိတ်ဝင်စားသူတွေ တက်ရောက်ခဲ့ကြပြီး ရန်ကုန်တက္ကသိုလ်များစာကြည့်တိုက်(ဗဟို)က ပညာရှင် ၈ ယောက် လာရောက်ပို့ချသင်ကြားပေးတာ ဖြစ်ပါတယ်။
ဒီလက်တွေ့သင်တန်းမှာ ပေပုရပိုက်စာတွေ အမျိုးအစား ခွဲခြားနည်း၊ ဆေးကြောသန့်စင်နည်း၊ တာရှည်ခံအောင် ထိန်းသိမ်းစောင့်ရှောက်နည်း စတာတွေကို လက်တွေ့သင်ကြား ပြသပေးမှာ ဖြစ်ပါတယ်။
ရှေးဟောင်းပေ ပုရပိုက် အပါအဝင် ရှေးဟောင်းပစ္စည်း တရားမဝင် ရောင်းဝယ်မှုတွေ ရှိနေတာကြောင့် ဥပဒေပိုင်းအရ အသိပညာပေးတာ၊ ရှင်းပြတာတွေကိုလည်း ပြုလုပ်ခဲ့တာပါ။
ရှေးဟောင်းပစ္စည်းတွေနဲ့ပတ်သက်ပြီး အစိုးရအဆက်ဆက်က ထိန်းသိမ်းမှု အားနည်းခဲ့သလို လက်ရှိအစိုးရလက်ထက်မှာလည်း ကော်မတီတွေဖွဲ့တာအပြင် ဥပဒေပိုင်းအရ ထိထိရောက်ရောက် လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ လာရောက်သင်တန်းပို့ချပေးတဲ့ ပညာရှင်တွေက ပြောပါတယ်။
သတင်း - အောင်ကိုလတ်











