ပဲခူးတိုင်းဒေသကြီး ညောင်ပင်သာနယ်မြေရဲတပ်ဖွဲ့စခန်း အနောက်ဘက် ၁၈ မိုင်ခန့်အကွာ ပဲခူးရိုးမတောင်ပေါ်မှာ ဧပြီ ၂၄ ရက် ညနေ ၄ နာရီလောက်က ထင်းသယ်ကား တစီး တောင်မကြီးအဆင်းမှာ တိမ်းမှောက်ခဲ့တဲ့အတွက် ယာဉ်ပေါ်လိုက်ပါလာတဲ့ အမျိုးသား ၃ ဦး သစ်ပိပြီး သေဆုံးခဲ့တယ်လို့ ညောင်ပင်သာ နယ်မြေရဲတပ်ဖွဲ့စခန်းက သိရပါတယ်။
ဖြူးမြို့နယ် ညောင်ပင်သာရဲစခန်းအပိုင် အနောက်တောင်ပေါ် ၁၈ မိုင်အကွာ ခြောက်မြောင်အတက် တောင်မကြီးအဆင်းမှာ ညောင်ပင်သာရွာ ရွာမ ၅ လမ်းနေ ဦးဝင်းသူ မောင်းနှင်လာတဲ့ အပြာရောင်ဖောကားပေါ်မှာ သစ်တွေနဲ့ လူ ၈ ဦးလောက် လိုက်ပါပြီး တောင်မကြီးအဆင်းမှာ ရှေ့ဘီးပေါက်ပြီး ဘီးကျွတ်ထွက်ကာ ယာဉ်တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ် လိုက်ပါသူ အသက် ၄၀ အရွယ် ကရင်၊ အသက် ၃၂ အရွယ် ဖိုးသေးနဲ့ အသက် ၅၀ အရွယ် ဦးထွန်းနိုင်တို့မှာ ယာဉ်တိမ်းမှောက်ရာမှ သစ်ပိပြီး အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့တာပါ။
ညောင်ပင်သာ စခန်းမှူး ရဲအုပ်စိုးလွင်က “ယာဉ်မောင်းကိုတော့ ကျနော်တို့က လူသေသွားတဲ့အတွက် ယာဉ်ကို မဆင်မခြင် ပေါ့ဆစွာ မောင်းနှင်တဲ့အမှုပေါ့။ ၃၀၄(က)ပေါ့။ နောက်ပြီးတော့ ၅ ယောက် ဒဏ်ရာရထားတာ ဖြစ်တဲ့အတွက် အဲဒီအထဲမှာ နည်းနည်းလေး စိုးရိမ်ရတဲ့ ဒဏ်ရာတွေလည်း ပါသလို မစိုးရိမ်ရတဲ့ ဒဏ်ရာတွေလည်း ပါတယ်။ အသက်အန္တရာယ်တော့ သေစေလောက်တဲ့ ဒဏ်ရာတော့ မပါဘူးပေါ့”လို့ ပြောပါတယ်။
ကျန်တဲ့ ဒဏ်ရာရှိတဲ့ အမျိုးသား ၅ ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့တွက် ဖြူးမြို့နယ် ညောင်ပင်သာဆေးရုံကို ည ၈ နာရီဝန်းကျင်လောက်မှာ ပို့ဆောင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေ အနက် ၃ ဦးကို ဖြူးမြို့နယ် ပြည်သူ့ဆေးရုံကို ဆက်လက်လွှဲပြောင်း ကုသပေးထားရပါတယ်။
ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး ညောင်ပင်သာနယ်မြေရဲတပ်ဖွဲ့စခန်းက ယာဉ်မောင်းဝင်းသူကို ယာဉ်(ပ) ၁၀/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၀၄(က)/၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - ကျော်အောင်(ကညွတ်ကွင်း)











