DVB Logo
Home
မြန်မာသတင်း
ရွာသားကို ရိုက်ခဲ့သည့် အန်အယ်လ်ဒီအမတ် တောင်းပန်
DVB
·
April 25, 2017
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး အန်အယ်လ်ဒီ လွှတ်တော်အမတ်  ဦးရဲမြင့်ဆွေက ပ၀ကျေး ရွာသား ဦးထွန်းလှကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ ပြန်လည် တောင်းပန် လိုက်ပြီး နှစ်ဦးနှစ်ဖက်ပြေလည်မှုရရှိသွားပါတယ်။

ဧပြီ ၂၄ ရက်က တနင်္သာရီမြို့နယ်၊ ပဝရွာမရွာမှာ  တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရပ်မိရပ်ဖတွေနဲ့ ဒေသခံတွေရှေ့မှောက်မှာ သတင်းစာရှင်းလင်း ပွဲပြုလုပ်တောင်းပန်ခဲ့တာဖြစ်ပါတယ်။

ဧပြီ ၈ ရက်က ပဝချောင်းထဲရွာ စာသင်ကျောင်းမှာ သွားရောက်စစ်ဆေးစဉ် တံခါးဘောင် ပြန်လည်ပြုပြင်ဖို့ကိစ္စအပေါ် ပဝရွာမရွာသား ဦးထွန်းလှက ဝင်ရောက်စွက်ဖက် ပြောဆိုခဲ့တဲ့ အပေါ် လွှတ်တော်ကိုယ်စားလှယ်က လက်ရောက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက“ကျနော်က ပြည်သူရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တယောက်ပါ။ အများပြည်သူများအပေါ် စိတ်ငြိုငြင်မှုတွေ ဖြစ်ပေါ်စေခဲ့တဲ့အတွက် အများပြည်သူအားလုံးကို တောင်းပန်ပါတယ်။ နောက်နောင် ဒီလိုအပြုအမူမျိုး မဖြစ်စေရပါဘူး။ ပြည်သူ့ဘဏ္ဍာများ မဆုံးရှုံးစေလိုတဲ့ ဆန္ဒဇောနဲ့ ရွာသားများအချင်းချင်းအကြားမှာ ပြဿနာများ ပိုမိုကြီးထွားလာမှာကို စိုးရိမ်မိပြီး လက်ရောက်ခဲ့မိပါတယ်။ အဲဒီအတွက် မဲဆန္ဒရှင် ပြည်သူတွေကို တောင်းပန်အပ်ပါတယ်။ နောက်နောင်မှာလည်း အလားတူကိစ္စတွေ ထပ်မံမဖြစ်ပေါ်စေဖို့အတွက် ကတိပြုပါတယ်” လို့ ရှင်းလင်းပွဲမှာ တောင်းပန် ပြောကြားခဲ့ပါတယ်။

တောင်းပန်မှုကို ကာယကံရှင်ဖြစ်သူ ဦးထွန်းလှကလည်း နားလည်ခွင့်လွှတ်ပေးပါကြောင်း၊ လွတ်လပ်စွာ ပြောဆိုခွင့်မူဝါဒကို ကိုင်စွဲထားတဲ့ပါတီဖြစ်လို့ ပြည်သူတဦးအနေနဲ့ ဝင်ရောက်ပြောဆိုမိခဲ့တာ မဟာအမှားကြီးဖြစ်ခဲ့ကြောင်း၊ နောက်နောင် သူ့အနေနဲ့လည်း ဆင်ခြင်သွားမယ်လို့ ဦးထွန်းလှက ပြောပါတယ်။

“ကျနော့်အနေနဲ့ အငြိုးအတေးမရှိပါဘူး။ လက်တုံ့ပြန်ဖို့ အစီအစဉ်လည်း မရှိပါဘူး။ ပြည်သူတယောက်အနေနဲ့ လွတ်လပ်စွာ ဝေဖန်ပြောဆိုခွင့်မူကို အလေးထားတဲ့အတွက် ဝင်ရောက်ဆွေးနွေးခဲ့မိတာပါ။ အန်အယ်လ်ဒီ ပါတီဝင်ဟောင်းတဦးအနေနဲ့ တချိန်က လက်တွဲခဲ့ဖူးတဲ့ ရဲဘော်ရဲဘက်များအပေါ်တွင် သံယောဇဉ်စိတ်ဖြင့် ခွင့်လွှတ် ကျေနပ်ပါတယ်”လို့ ဦးထွန်းလှက ရပ်မိရပ်ဖများ ရှေ့မှောက်မှာ ပြောဆိုခဲ့ပါတယ်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး တနင်္သာရီမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် တိုင်း၊ ဗဟိုအထိအဆင့်ဆင့်တင်ပြသွားမည် ဖြစ်သလို ဗဟိုမှ ညွန်ကြားချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟို ကော်မတီဝင် ဦးဉာဏ်ဝင်းက အခုလို ရိုက်နှက်တာက ဥပဒေနဲ့ မညီဘူးလို့ ပြောပါတယ်။

ဒီကိစ္စဟာ ပါတီပေါ်မှာ ထိခိုက်မှုရှိမရှိနဲ့ အကြောင်းစုံကို မသိရှိသေးတဲ့အတွက် အဲဒီဒေသခံတွေ တာဝန်ရှိသူတွေဆီက တင်ပြချက်တွေကို ကြည့်ပြီး အရေးယူသင့် မယူသင့် ဆုံးဖြတ်မယ်လို့ပြောပါတယ်။

သတင်း၊ ဓာတ်ပုံ-  မြတ်ထွဋ်(မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013