DVB Logo
Home
မြန်မာသတင်း
လွှဲကြီး(မန်း)ကျေးရွာကို အဓမ္မရွှေ့ပြောင်းခြင်းမလုပ်ရန် တောင်းဆို
DVB
·
April 24, 2017
Donate to DVB

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ လွှဲကြီး(မန်း)ကျေးရွာကို အဓမ္မရွှေ့ပြောင်းခြင်းမလုပ်ဖို့နဲ့ မဖြစ်မနေ ရွှေ့ပြောင်းမယ်ဆိုရင် လျော်ကြေးပေးပြီး ဆေးခန်း၊ စာကြည့်တိုက်နဲ့ လူမှု ထောက်ပံ့မှုတွေပေးဖို့  ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။

အဆိုပါ ကျေးရွာကနေအိမ်တွေဟာ နေပြည်တော်ကောင်စီနယ်မြေ အခြေစိုက်  ခလရ ၁၂၂ တပ်ရင်းပိုင်နယ်မြေထဲမှာရှိနေတာဖြစ်ပြီး  လုံခြုံရေးအရ  အခုဧပြီ ၃၀ ရက်နေ့ နောက်ဆုံးထားပြောင်းရွှေ့ပေးဖို့ ပျဉ်းမနား လွှဲကြီး ခလရ ၁၂၂ က မတ် ၁၉ ရက်က ကြေညာချက် ထုတ်ပြန်ထားတာပါ။

ဒါပေမယ့် ရွာသားတွေကို  ပြောင်းရွှေ့ဖို့ နေရာပြန်မပေးသလို နစ်နာကြေးဘာတခုမှ မပေးဘဲ ပြောင်းရွှေ့ပေးဖို့သာ အမိန့်ထုတ်ပြန်ထားတယ်လို့ ဒေသခံတွေကို ကူညီပေးနေတဲ့ ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောပါတယ်။

“အဓိကကတော့ တပ်ရဲ့လုံခြုံရေးကို အကြောင်းပြတဲ့အနေနဲ့ ရွာသားတွေကို မောင်းထုတ်လိုက်ခြင်းဖြစ်တယ်။ လျော်ကြေး၊ နစ်နာကြေးပေးမှာတို့၊နေရာပြန်ချထားပေးမယ်တို့ ဘာတခုမှ မပါဘဲနဲ့ မောင်းထုတ်တာ။ ဒါကြောင့်မို့ ဒါဟာ တကယ့် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်။ ဒီခေတ်သစ်အစိုးရလက်ထဲမှာလည်း မတရားမြေသိမ်းမှုဖြစ်တယ်၊ မတရားမောင်းထုတ်မှုဖြစ်တယ်။”

ဒါဟာ တရားမျှတမှုမရှိတဲ့အတွက် အမြန်ဆုံးရုပ်သိမ်းပေးဖို့ ကယန်းအမျိုးသားပါတီ၊ ကယန်းမျိုးဆက်သစ်လူငယ်၊ ကယန်းအမျိုးသမီးအစည်းအရုံး၊ ကယန်းပြည်သစ်ပါတီ စတဲ့အဖွဲ့တွေက တပ်မတော်နဲ့ အစိုးရကို မနေ့က ကြေညာချက်ထုတ်ပြန်တိုက်တွန်းခဲ့ပါတယ်။

လွှဲကြီး (မန်း) ကျေးရွာမှာ အိမ်ခြေ ၅၁ လုံး၊ အိမ်ထောင်စု ၅၄ စုနဲ့ လူဦးရေ ၂၄၀ မှီခိုနေထိုင်ကြပြီး ကယန်း၊ ကရင်ဖြူနဲ့ ဗမာ မိသားစုတွေ နေထိုင်ကြတာဖြစ်တယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်တုန်းကလည်း အဆိုပါကျေးရွာဟာ ကျောက်သံပတ်အုပ်စုဝင် လွှဲကြီး ကျေးရွာကို အခုနေထိုင်တဲ့ လွှဲကြီး(မန်) ကျေးရွာချောင်းနဘေးကို အဓမ္မပြောင်းရွှေ့မှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း ကယန်းအမျိုးသားတို့ရဲ့ ပူးတွဲကြေညာချက်မှာဖော်ပြပါတယ်။

ဒါကြောင့် ဒေသခံတွေအနေနဲ့ လက်ရှိနေထိုင်တဲ့ မြေ ၂၅ ဧက အတွင်းမှာ သာနေထိုင်လိုပြီး အဓမ္မ ရွှေ့ပြောင်းခိုင်းထားတာကို  ရုပ်သိမ်းပေးဖို့လည်း တောင်းဆိုပါတယ်။

မဖြစ်မနေ ရွှေ့ပြောင်းရမယ်ဆိုပါက လက်ရှိကာလတန်ဖိုးနဲ့အညီ နစ်နာကြေးပေးလျှော်ဖို့၊ တရားဝင် ပြန်ချပေးမယ့် နေရာမှာခြံမြေ၊ အိမ်၊ ရေမီး စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ ဆေးခန်းတွေကို ပြန်လည်တည်ဆောက်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013