DVB Logo
Home
Lead Story
မျောက်စ ခွေးဟောင် ဆိုတဲ့ ဗမာစကားလိုများ ဖြစ်နေမလား
DVB
·
April 24, 2017
မျောက်စ ခွေးဟောင် ဆိုတဲ့ ဗမာစကားလိုများ ဖြစ်နေမလား
Donate to DVB

တတိယကမ္ဘာစစ်ပဲ ဖြစ်တော့မလားလို့ ကမ္ဘာတဝန်းက တထိတ်ထိတ် ဖြစ်ခဲ့ကြတဲ့ မြောက်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုတို့ နှစ်နိုင်ငံ တင်းမာမှုကတော့ စစ်ဖြစ်တဲ့အဖြစ် မရောက်ခဲ့ပေမယ့် လိပ်ခဲတည်းလည်း ဖြစ်နေဆဲ ဖြစ်ပါတယ်။

မြောက်ကိုရီးယားက မြို့တော် ပြုံယမ်းမှာ သူ့ရဲ့ ဒုံးကျည်အသစ်တွေကို လမ်းပေါ်မှာ ထုတ်ပြပြီး အမေရိကန်ကို မခံချိမခံသာ ဖြစ်အောင်ဆွပေးနေတယ်လို့ သတင်းမီဒီယာတွေက ဖော်ပြရေးသားနေကြပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကတော့ သူ့ရဲ့ နျူကလီးယား အိပ်မက်ကို ရပ်ဆိုင်းမှာ မဟုတ်တဲ့အကြောင်း ပြောဆိုခဲ့သလို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဘောရစ်ဂျွန်ဆင်ကလည်း သူ့တို့ရဲ့ နျူကလီးယားလက်နက် ထုတ်လုပ်မှုကို နောက်ဆုတ်ရပ်စဲဖို့၊ ဒါမှမဟုတ် ကမ္ဘာတဝန်းရဲ့ဒေါသကို ခံစားရင်ဆိုင်ရလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။

ဒါပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က သူ့ရဲ့တိုက်ခိုက်ရေး လေယာဉ်တင်သင်္ဘောအုပ်စုကို ကိုရီးယားကျွန်းဆွယ်ဘက် စေလွှတ်လိုက်တဲ့ အချိန်မှာတော့ မြောက်ကိုရီးယားနိုင်ငံရဲ့ ဖခင်ကြီး ကင်အီဆွန်း မွေးနေ့မှာ နောက်ထပ် နျူကလီးယား ဒုံးကျည်စမ်းသပ်မှုလုပ်မယ်လို့ ခြိမ်းခြောက်ထားတဲ့ ကိစ္စကို စွန့်လွှတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတော့ သမ္မတ ဒေါ်နယ်လထရမ့်က မြောက်ကိုရီးယားကို သူ အရေးယူရလိမ့်မယ်လို့ ပြောကြားခဲ့ပြီး “မြောက်ကိုရီးယားက ပြဿနာတခု ဖြစ်နေတယ်။ ဒီပြဿနာကို သတိထားရလိမ့်မယ်” လို့ ပြောကြားခဲ့သလို နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်ကလည်း “မြောက်ကိုရီးယားဟာ ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေနဲ့အညီ လုပ်ကိုင်၊ အသေအချာ လုပ်ကိုင်ဆောင်ရွက်လာပြီး ဒေသတွင်း ငြိမ်းချမ်းရေးကို စိတ်ချလက်ချရှိလာအောင် နျူကလီးယားလက်နက် ထုတ်လုပ်မှုကို ရပ်ဆိုင်းပစ်လိုက်အောင် လုပ်မှာပါ”လို့ပြောပြီး အမေရိကန်ပြည်ထောင်စုရဲ့ မြောက်ကိုရီးယားအပေါ် အရေးယူဆောင်ရွက်မှုကို ထောက်ခံပြောကြားခဲ့တာ တွေ့ရပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင်လေးကတော့ လမ်းပေါ်မှာ စီတန်း လှည့်လည်နေတဲ့ မိုင် ၄၀၀၀ အကွာအထိ ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တစင်း အပါအဝင် သူ့ရဲ့ လက်နက်ပစ္စည်းတွေကို ကြည့်ပြီး ပြုံးနေတာကို သတင်းမီဒီယာတွေမှာ တွေ့ခဲ့ရပါတယ်။

အမေရိကန်နိုင်ငံကတော့ အိုင်အက်စ် စစ်သွေးကြွတွေ ပုန်းအောင်းနေတယ်လို့ သိထားတဲ့ အာဖဂန်တောင်ကြောတနေရာကို နျူကလီးယားဗုံးပြီးရင် အကြီးဆုံးသမားရိုးကျ ဗုံးကြီးကို ပစ်ခတ်ပြီး အိုင်အက်စ် စစ်သွေးကြွ အတော်များများကို ရှင်းလင်းပစ်လိုက်တယ်လို့ အာဖဂန်တာဝန်ရှိ အာဏာပိုင်တွေက ပြောဆိုခဲ့ပြီး အရပ်သား သေဆုံးမှု မရှိဘူးလို့လည်း ငြင်းဆိုခဲ့ကြပါတယ်။

အမေရိကန်သမ္မတက မထင်မှတ်ဘဲ အာဖဂန်နစ္စတန်နိုင်ငံထဲမှာ ရှိတဲ့ အိုင်အက်စ် စစ်သွေးကြွတွေ ပုန်းအောင်းနေတဲ့နေရာကို ဒီလိုအချိန်မှာ ဘာလို့ ဒီလောက် အင်အားကြီးတဲ့ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်လိုက်တာပါလဲ။ အချုပ်အခြာပိုင် နိုင်ငံတခုရဲ့ ပိုင်နက်ထဲမှာ ခိုအောင်းနေတဲ့ အကြမ်းဖက်သမားတွေကို ချေမှုန်းပြလိုက်တာဟာ မလုပ်သင့်တဲ့ကိစ္စ ဖြစ်ပေမယ့် ဘာလို့ လုပ်လိုက်တာပါလဲ။

ဒါကတော့ အာဖဂန်အစိုးရ ရင်ဆိုင်နေရတဲ့ အကြမ်းဖက် စစ်သွေးကြွတွေကို တိုက်ခိုက်ချေမှုန်းဖို့ စကတည်းက အမေရိကန်နိုင်ငံ စစ်တပ်ရဲ့ အကူအညီကို ရယူထားခဲ့ရလို့ပါပဲ။ အမေရိကန်ကလည်း တချက်ခုတ် နှစ်ချက်ပြတ် နျူကလီးယား လက်နက်နဲ့ ခြိမ်းခြောက်လာတဲ့ မြောက်ကိုရီးယားကို သတိပေးချင်တာလို့ ယူဆရမှာပါပဲ။ ပွဲကတော့ မပြီးသေးပါဘူး။ မြောက်ကိုရီးယားကလည်း အလွယ်နဲ့ အလျှော့ပေးလိမ့်မယ် မဟုတ်တာကတော့ သေချာပါတယ်။

ဒီနေရာမှာ အဖြောင့်သဘော စဉ်းစားရရင် အချုပ်အခြာအာဏာပိုင် နိုင်ငံတခုရဲ့ ပိုင်နက်ထဲကို ဒီလို ဗုံးကြဲတိုက်ခိုက်တာဟာ လက်သင့်ခံစရာ မဟုတ်တာကတော့ သေချာပါတယ်။ ဒါပေမယ့် အဲဒီအချုပ်အခြာပိုင် နိုင်ငံတခုထဲမှာ ခြေကုပ်ယူပြီး အကြမ်းဖက်မှုတွေကို ကမ္ဘာအနှံ့ ကျူးလွန်ဖို့ ကြိုးစားနေကြသူတွေကိုရော ဘယ်လို အရေးယူကြမှာပါလဲ။ သက်ဆိုင်ရာ အချုပ်အခြာနိုင်ငံက သူ့ရဲ့ အင်အားနဲ့ မဖြိုနိုင်အောင် အင်အားကောင်းနေတဲ့ ဒီအကြမ်းဖက်ဝါဒီတွေကို ဘယ်လို အရေးယူကြမှာလဲ ဆိုတာကို စဉ်းစားရပါလိမ့်မယ်။

ကျနော်တို့နိုင်ငံက ဆယ်စုနှစ်ပေါင်းများစွာ ကိုယ့်ပြည်သူလူထုကို ကိုယ် အနိုင်ကျင့် ဗိုလ်ကျ မတရားသတ်ဖြတ်ညှဉ်းဆဲလာခဲ့တဲ့ စစ်အစိုးရအဆက်ဆက်ကလည်း အဲဒီလိုပဲ ကျနော်တို့ အချုပ်အခြာအာဏာပိုင်နိုင်ငံ၊ ခင်ဗျားတို့ ဝင်မစွက်ဖက်နဲ့၊ လက်ရှောင်လို့ ပြောပြီး တိုင်းပြည်ကို ကျွန်ဇာတ်သွင်းတာကို ကျနော်တို့ ခုထိ ခံနေရတုန်းပါပဲ။

အရက်မူးပြီး ကိုယ့်အိမ်က သားမယားနဲ့ သားသမီးတွေကို ထင်သလို နှိပ်စက်နေတဲ့ အိမ်ထောင်ဦးစီးတယောက်ကို ကျနော်တို့ သူ့အိမ်ကိစ္စပဲ ကိုယ်နဲ့မဆိုင်ဘူး ဆိုပြီး ကြည့်နေကြလို့ ဖြစ်ပါ့မလား၊ သင့်ရော သင့်လျှော်ပါ့မလား ဆိုတာ စဉ်းစားကြရပါလိမ့်မယ်။ ကျနော်သာ ဆိုရင်တော့ သူ့အိမ်ထဲဝင်၊ ဖျောင်းဖျပြောဆို မလုပ်ဖို့ တားမိမှာပါပဲ။ တားမရရင်တော့ သက်ဆိုင်ရာ ရဲစခန်းကို တိုင်ကြားအရေးယူခိုင်းရမှာ မှန်ပေမယ့် အဲဒီလို မလုပ်နိုင်ခင် ကလေးတွေကို သူ ထင်တိုင်း နှိပ်စက်နေမှာကိုတော့ ကျနော်က ကြည့်နေနိုင်မှာ မဟုတ်ပါဘူး။ အဲဒီလူကို ကျနော် အလဲထိုးပစ်ရမှာပါပဲ။ သူက နောက်ပိုင်းမှာ ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲရင်လည်း ကျနော်က ခုခံချေပရမှာပေါ့လေ။ ဖမ်းချင်လည်း ဖမ်းပေါ့။

မြောက်ကိုရီးယား အမေရိကန်ပြည်ထောင်စု ကိစ္စကို ပြောရင်းနဲ့ စကားညှပ်တွေ ပါသွားတဲ့အတွက် စာဖတ်သူတွေကို တောင်းပန်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက သူတို့ရဲ့ စစ်ရေးပြ ချီတက်ပွဲမှာ ဂျပန်နိုင်ငံကို တိုက်ခိုက်နိုင်တဲ့ ရေငုပ်သင်္ဘောက ပစ်ခတ်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်တွေကိုလည်း ပထမဆုံး ပြသသွားခဲ့တာကို တွေ့ရပါတယ်။ နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းရဲ့ အနီးကပ်လက်ထောက် ချိုယောင်ဟေးက ဆို “တကယ်လို့ အမေရိကန်နိုင်ငံက မစဉ်းမစား၊ အလျင်စလို ဒေါသအလျောက် တိုက်ခိုက်လာမယ် ဆိုရင်တော့ ကျနော်တို့ရဲ့ တော်လှန်ရေး စွမ်းအားနဲ့ အဆုံးသတ်ချေမှုန်းရေး လုပ်ပြီး တုံ့ပြန်သွားမှာပါပဲ။ အဆုံးစွန်ဆုံး စစ်ပွဲနဲ့ ကျနော်တို့နည်းဟန်နဲ့ တိုက်ခိုက်တဲ့ နျူကလီးယားစစ်ပွဲနဲ့ တိုက်ခိုက် တုံ့ပြန်သွားမှာ ဖြစ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

လက်နက်ကျွမ်းကျင်သူတွေကတော့ မြောက်ကိုရီးယားနိုင်ငံက ကာလီဖိုးနီးယား အထိ ရောက်အောင် ပစ်ခတ်တိုက်ခိုက်နိုင်တဲ့ တာဝေးပစ် ဒုံးကျည်တွေ ရှိတယ်လို့ ကြွားလုံးထုတ်ထားပေမယ့် အဲဒီလောက် မစွမ်းသေးပါဘူးလို့ ယုံကြည်ထားကြပါတယ်။

RUSI က နျူကလီးယား ပြန့်ပွားမှုဆိုင်ရာ ကျွမ်းကျင်သူ ခရစ်စတီနာ ဗာရီးရေးလ်းကတော့ “တိုက်ချင်းပစ်ဒုံးတွေ ဖွံ့ဖြိုးတိုးတက်လာတာကို အဓိကစိုးရိမ်ကြတာက တောင်ကိုရီးယားနဲ့ ဂျပန်ပါ။ ဘာလို့ဆိုတော့ အမေရိကန်က သူတို့နိုင်ငံကို ဦးတည် တိုက်ခိုက်လာပြီဆိုရင် အဲဒီသူ့မဟာမိတ်နိုင်ငံတွေကိုလည်း မြောက်ကိုရီးယားနိုင်ငံက တိုက်ခိုက်လာပြီဆိုရင် ကူညီကာကွယ်ပေးဖို့ သူတို့ ပြင်ဆင်ထားတာတွေကိုများ ပြောင်းလဲရဖို့ ဖြစ်လာမလား ဆိုတာကို အမေရိကန်က သိထားပြီး ဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက သူတို့ရဲ့ နျူကလီးယား စမ်းသပ်မှုတွေကို ဆက်လုပ်နေဦးမှာလား၊ အမေရိကန်နိုင်ငံကရော ဘယ်လို တုံ့ပြန်မှာလဲ။ တရုတ်နဲ့ ရုရှားနိုင်ငံ အပါအဝင် ကုလသမဂ္ဂအဖွဲ့ကြီးကတော့ ပြဿနာကို ဆွေးနွေးညှိနှိုင်း အဖြေရှာကြဖို့ သတိပေးနေပါကြောင်း တင်ပြလိုက်ရပါတယ်။        ။

စိုးနေလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013