
လက်ရှိ လျှောက်လှမ်းနေတဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်မှ အတိမ်းအစောင်းခံမှာ မဟုတ်ဘူးလို့ ဥရောပခရီးစဉ်အဖြစ် သြစတြီးယားနဲ့ ဂျာမနီနိုင်ငံတွေကို သွားရောက်နေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ အဖွဲ့ဝင်ဟာ သြစတြီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှာ သံရုံးမိသားစုတွေနဲ့ တွေ့ဆုံပြောကြားခဲ့တာလို့ ကာကွယ်ရေးဦးစီးချုပ် ရုံးက သတင်းထုတ်ပြန်ပါတယ်။
“မိမိတို့နိုင်ငံအနေဖြင့် ယခုအခါ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းလျက်ရှိပါကြောင်း၊ အတိတ်ကရရှိခဲ့သည့် အတွေ့အကြုံများကို သင်ခန်းစာရယူ၍ ယခုလျှောက်လှမ်းနေသည့် နိုင်ငံရေးလမ်းကြောင်းပေါ်မှ အတိမ်းအစောင်းခံမည် မဟုတ်ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်မည့် လုပ်ငန်းများတွင် တပ်မတော်မှ ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့်ပတ်သက်၍ ကူညီ စောင့်ရှောက်ပေးရန်လည်း မှာကြားလိုပါကြောင်း” ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။
ဥရောပ သမဂ္ဂ အီးယူ နိုင်ငံတပ်မတော်တွေနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ရည်ရွယ်ပြီး သြစတြီးယားနဲ့ ဂျာမနီနိုင်ငံတွေကို လာရောက်တာဖြစ်ပြီး တပ်မတော်နှစ်ရပ် ချစ်ကြည်ရေးနဲ့ ဆက်ဆံရေးဟာ နှစ်နိုင်ငံဆက်ဆံရေးကို များစွာ အထောက်အကူပြုတယ်လို့လည်း မြန်မာတပ်မတော် အကြီးအကဲက ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဟာ သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ တပ်မတော်စစ်သမိုင်းပြတိုက်သို့ သွားရောက်လေ့လာ ကြည့်ရှုခဲ့တယ်လို့ လည်းသိရပါတယ်။











