
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တံတားဦးမြို့နယ် စကားအင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲစခန်းအပိုင် မိုင်တိုင်အမှတ် ၃၃၆/၀ နဲ့ ၃၃၆/၁ အကြားမှာ ဒီကနေ့ မနက် ၄ နာရီခွဲ လောက်က ယာဉ်တစီး တိမ်းမှောက်ခဲ့ပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ စကားအင်းအမြန်လမ်းမကြီး ရဲတပ်ဖွဲစခန်းက ပြောပါတယ်။
ဖြစ်စဉ်မှာ နေပြည်တော်ဘက်က မန္တလေးဘက်ကို ယာဉ်မောင်းဇော်မျိုးဝင်း မောင်းနှင် လာတဲ့ ယာဉ်ဟာ လမ်းလယ်ကျွန်းအား ကာထားတဲ့ အလူမီနီရန်တန်းတွေကို တိုက်မိပြီး တပတ်လိမ့်တိမ်းမှောက်ခဲ့တာပါ။
“ယာဉ်မှောက်တဲ့ဆီကို ကျနော်တို့ တပ်ဖွဲဝင်တွေရယ် မီးသတ်ကတပ်ဖွဲဝင်တွေရယ်၊ 192 ခေါ်တာပေါ့။ အရေးပေါ်ကယ်ဆယ်ရေးအဖွဲပေါ့။ ဒီသုံးဖွဲ့သွားတာပါ။ ဒဏ်ရာရတဲ့သူတွေကိုတော့ တပ်ဖွဲ့က ယာဉ်နဲ့ပဲ တံတားဦးဆေးရုံကို ပို့ထားပါတယ်။ ယာဉ်မောင်းအိပ်ငိုက်တာပါ။” လို့ စကားအင်းအမြန်လမ်းမကြီး ရဲတပ်ဖွဲစခန်းက တာဝန်ရှိသူတဦးက ဒီဗွီဘီကိုပြောပါတယ်။
ယာဉ်ပေါ်မှာ ယာဉ်မောင်းအပါအဝင် ၁၂ ဦး လိုက်ပါလာပြီး ၅ ဦးဒဏ်ရာရရှိလို့ တံတားဦးဆေးရုံကို ပို့ဆောင်ထားပြီး ဒဏ်ရာရရှိသူတွေ အသက်အန္တရယ် စိုးရိမ်ရစရာမရှိဘူးလို့ ဆိုပါတယ်။
စကားအင်းအမြန်လမ်းမကြီးရဲတပ်ဖွဲ့စခန်းမှ ယာဉ်မောင်းဇော်မျိုးဝင်းအား ရာဇသတ်ကြီးပုဒ်မ-၃၃၇/၃၃၈ အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
သတင်း-ကျော်အောင် ( ကညွတ်ကွင်း )
ဓာတ်ပုံ-အမြန်လမ်းမကြီးရဲတပ်ဖွဲ











