
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် ဘောနီအမြန်လမ်းမကြီးရဲတပ်ဖွဲ့စခန်းအပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၅၉/၃) နဲ့ (၅၉/၄) အကြားမှာ ဧပြီ ၂၁ ရက် နံနက် ၅ နာရီခွဲလောက်က ခရီသည်တင် EXPRESS ယာဉ်တစီး ယာဉ်မတော်တဆမှုတခု ဖြစ်ခဲ့တယ်လို့ ဘောနီအမြန်လမ်းမကြီးရဲတပ်ဖွဲ့စခန်းက ပြောပါတယ်။
ဘောနီအမြန်လမ်းမကြီးရဲတပ်ဖွဲ့စခန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်ရာမှာ တာဝန်ရှိသူတဦးက “ဟုတ်ပါတယ်ဗျ။ ခရီးသည်တင်ယာဉ်ပါ၊ ယာဉ်မောင်း အိပ်ငိုက်ပြီးတော့ လမ်းလယ်က ကပ်တုံးတွေကို တိုက်တယ်။ ပြီးတော့ တံတားက ကွန်ကရစ်တိုင်ကို တိုက်တယ်။ အဲဒီမှာ ယာဉ်က ရပ်သွားတာပါ။ ခရီးသည်တွေ ထိခိုက်မှုတော့ မရှိပါဘူး” လို့ ပြောပါတယ်။
ဖြစ်စဉ်မှာ မန္တလေးဘက်က ရန်ကုန်ဘက်ကို ယာဉ်မောင်း မောင်အေး မောင်းနှင်လာတဲ့ ရွှေရည်ဖူးပွင့် EXPRESS ခရီးသည်တင်ယာဉ်ဟာ ယာဉ်မောင်းအိပ်ငိုက်ပြီး အချိန်မထိန်းနိုင်ဘဲ လမ်းလယ်ကပ်တုံးတွေကို တိုက်မိပြီးနောက် တံတား ကွန်ကရစ်တိုင်ကို ထပ်မံတိုက်မိ ရပ်တန့်သွားခဲ့တာပါ။
ယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည်တွေ ထိခိုက်ဒဏ်ရာရှိမှု မရှိကြောင်း သိရပါတယ်။ ယာဉ်ပေါ်မှာ ယာဉ်မောင်း အပါအဝင် အမျိုးသား ၃၄ ဦး၊ မ ၁၅ ဦး လိုက်ပါလာပါတယ်။
ယာဉ်မတော်တဆမှုကို ဘောနီအမြန်လမ်းရဲတပ်ဖွဲ့စခန်းက ယာဉ်(ပ)၂/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ - ၂၇၉ အရ ယာဉ်မောင်း မောင်အေးကို အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - ကျော်အောင်(ကညွတ်ကွင်း)၊ ဓာတ်ပုံ - အမြန်လမ်းရဲတပ်ဖွဲ့











