
အမေရိကန်စစ်တပ်က အီရန်ဆိပ်ကမ်းတွေကို ဧပြီ ၁၃ ရက်မှာ စတင်ပိတ်ဆို့ခဲ့အပြီးမှာ အီရန်ကလည်း ပင်လယ်ကွေ့အိမ်နီးချင်းတွေရဲ့ ဆိပ်ကမ်းတွေကို လက်တုံ့ပြန်သွားမယ်လို့ သတိပေးပါတယ်။
ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်နိုင်မဲ့ လက္ခဏာမတွေ့ရတာကြောင့် ရေနံစိမ်းတစည်ကို အမေရိကန်ဒေါ်လာ ၁၀၀ ကျော်အထိ ပြန်လည်မြင့်တက်လာပါတယ်။
ဧပြီ ၁၃ ရက်မှာ အီရန်ဘက်က ဆက်သွယ်မှုတွေရှိခဲ့သလို သဘောတူညီချက်ယူချင်နေတယ်လို့ ထရမ့်ပ်ကဆိုပါတယ်။
ဒါပေမဲ့ တီဟီရန်ကို နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့်ပြုမဲ့ ဘယ်သဘောတူညီချက်မျိုးမဆို လက်ခံမှာမဟုတ်ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
ထရမ့်ပ်က “အီရန်နျူကလီးယား ရှိလာမှာမဟုတ်ပါဘူး။ နိုင်ငံတနိုင်ငံက ကမ္ဘာကြီးကို အကျပ်ကိုင်တာ၊ ငွေညှစ်တာမျိုးကိုလည်း ကျုပ်တို့ ခွင့်မပြုနိုင်ဘူး” လို့ အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောပါတယ်။
ပါကစ္စတန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေမှာ တိုးတက်မှုတချို့ရှိခဲ့ပေမဲ့ အီရန်ဘက်က လုံလောက်တဲ့ လိုက်လျောမှုမရှိဘူးလို့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တဲ့ ဒုတိယသမ္မတ ဂျေဒီဗန့်စ်က ပြောပါတယ်။
ရေကြောင်းသွားလာမှုကို ကန့်သတ်တာဟာ ဓားပြတိုက်တာဖြစ်ပြီး ရေလက်ကြား နားကပ်လာတဲ့ ဘယ်စစ်သင်္ဘောမဆို အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်တာဖြစ်တယ်လို့ အီရန်စစ်တပ်က တုံ့ပြန်ပါတယ်။
တဖက်မှာလည်း ပိတ်ဆို့ထားတဲ့နေရာကို ချဉ်းကပ်လာတဲ့ အီရန်အမြန်တိုက်ခိုက်ရေးရေယာဉ် တွေကို ချက်ချင်းချေမှုန်းသွားမယ်လို့ ထရမ့်ပ်က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ဗြိတိန်နဲ့ ပြင်သစ် အပါအဝင် နေတိုးမဟာမိတ်နိုင်ငံတွေကတော့ ဒီပိတ်ဆို့မှုမှာ ပါဝင်သွားမှာ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။
တချိန်တည်းမှာပဲ အစ္စရေးကလည်း လက်ဘနွန်တောင်ပိုင်းက ဟစ်ဇ်ဘိုလာတွေကို ဆက်လက်တိုက်ခိုက်နေပါတယ်။
ဒီတိုက်ခိုက်မှုဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ အကျုံးမဝင်ဘူးလို့ အမေရိကန်နဲ့ အစ္စရေးက ပြောပေမဲ့ အီရန်ကတော့ ပါဝင်တယ်လို့ အငြင်းပွားနေကြတာဖြစ်ပါတယ်။
Source: Reuters










