DVB Logo
Home
မြန်မာသတင်း
အန်စီအေအလုပ်မဖြစ်ဟု  မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပြော
DVB
·
April 20, 2017
Donate to DVB

အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးရာမှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) နည်းလမ်းဟာ အချိန်ကုန်ပြီးအလုပ်မဖြစ်နိုင်ဘူးလို့ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က ပြောဆိုလိုက်ပါတယ်။

ယူဒဗလျူအက်စ်အေ ၀ လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေ ပန်ခမ်းမြို့မှာ မနေ့က ကျင်းပပြီးစီးသွားတဲ့  တိုင်းရင်သားလက်နက်ကိုင်ခေါင်းဆောင်များ မျက်နှာစုံညီအစည်းအဝေးအပြီး တီအန်အယ်အေ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် အတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က ဒီဗွီဘီကို ပြောပါတယ်။

“အဓိကကတော့ တိုက်ပွဲတွေ ဘာကြောင့်ဖြစ်နေတာလဲ။ ဒီတိုက်ပွဲတွေ ရပ်တန့်အောင် ကျနော်တို့ နှစ်ဖက်တာဝန်ရှိတဲ့လူတွေက ဘယ်လိုလက်တွေ့ကျကျ အပစ်ခတ်ရပ်စဲတွေ လုပ်ကြမလဲ ဆိုတာ ကျနော်တို့ ဆွေးနွေးခဲ့တာပါ။ တိုက်ပွဲဖြစ်နေတယ်ဆိုတာ အဓိက နိုင်ငံရေးပြသနာ အခြေခံဖြစ်တယ်။ နိုင်ငံရေးပြသနာတွေ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ။ ကျနော်တို့ နည်းလမ်း အသစ်တွေ အရင်တုန်းက အန်စီအေနည်းလမ်းတို့ လျှောက်နေတဲ့ ပုံစံတွေက ဒါ တမင်သက်သက် အချိန်ကုန်တယ်။ နှစ်ဖက် မြန်မာ့တပ်မတော်ဘက်ကရော ကျနော်တို့ဘက်ကရော  ဒါတွေက လက်တွေ့ အလုပ်မဖြစ်နိုင်ဘူး။ ဒါကြောင့် ကျနော်တို့က နည်းလမ်းအသစ်တွေ ရှာဖွေဖို့လိုတယ်။  တိုက်ပွဲဖြစ်နေတဲ့ဟာကို အမြန်ဆုံးရပ်အောင် ဘယ်လိုလုပ်ကြမလဲ။ ကျနော်တို့ ၇ ဖွဲ့ကြားထဲမှာ ညှိနှိုင်းထားတဲ့ အခြေခံမူတွေနဲ့ အခြေခံပြီးတော့ မြန်မာ အစိုးရကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံသွားဖို့ ကျနော်တို့ သဘောတူထားတာပါ။ အန်စီအေကတော့ ကျနော်တို့ စကားမပြောတော့ပါဘူး။ အန်စီအေက လက်တွေ့အလုပ်မဖြစ်နိုင်ပါဘူးလို့ ကျနော်ဒီလိုပဲမြင်ပါတယ်”

ဧပြီ ၁၅မှ ၁၉ ရက်အထိ ၅ရက်ကြာ ပန်ခမ်းအစည်းအဝေးအပြီး တိုင်းရင်းသားအဖွဲ့ ၇ ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့  အစိုးရနဲ့ တဖွဲ့ချင်း ဆွေးနွေးမှာ မဟုတ်ဘဲ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီနဲ့သာ ဆွေးနွေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီအစည်းအဝေးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ)၊ ရက္ခိုင့်တပ်မတော် (အေအေ)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ)၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း( အက်စ်အက်စ်အေ) ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (ယူဒဗလျူအက်စ်အေ)၊ အမ်အန်ဒီအေအေနဲ့   အန်ဒီအေအေ  လက်နက်ကိုင် ၇ ဖွဲ့ ပါဝင်တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံ အစိုးရနဲ့  တွေ့ဆုံဆွေးနွေးမယ့် နိုင်ငံရေးဆွေးနွေးရေး ကော်မတီကို “ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ’’အဖြစ် တရားဝင် သတ်မှတ်ခဲ့ပါတယ်။

အစည်းအဝေးဆုံးဖြတ်ချက်တွေကိုလည်း ပြည်တောင်စုအစိုးရဆီကို ပေးပို့မှာဖြစ်သလို အစိုးရနဲ့ တွေ့ဆုံနိုင်ရေးအတွက်လည်း ညှိနှိုင်းဆောင်ရွက်နေတယ်လို့လည်း ဗိုလ်မှူးချုပ် တာဘုန်းကျော်က ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013