DVB Logo
Home
Lead Story
"အေးချမ်း ငြိမ်းချမ်းမှုနဲ့ပြီးခဲ့သော မန္တလေးသင်္ကြန်"
DVB
·
April 20, 2017
"အေးချမ်း ငြိမ်းချမ်းမှုနဲ့ပြီးခဲ့သော မန္တလေးသင်္ကြန်"
Donate to DVB

အတာရေပက်ဖျန်းတဲ့ သင်္ကြန်အခါပြီးချိန်မှာ မန္တလေးမြို့အတွက် စိတ်ချမ်းသာ၊ ကျေနပ် သဘောကျမှုတွေနဲ့ ဆေးရောင်စုံ လွှမ်းခြုံသွားပါတယ်။ အကြောင်းက သင်္ကြန်အခါတွင်း မန္တလေးမှာ မူးယစ်ရမ်းကားပြီး အသက်သေဆုံးတာ မရှိတာကြောင့်ပါပဲ။

၂၀၁၇ သင်္ကြန်ခါအတွင်း မန္တလေး ခုနှစ်မြို့နယ်မှာ သင်္ကြန်ရေကစား လည်ပတ်ရင်း သေဆုံးမှုဖြစ်စဉ်မရှိဘူးလို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ ဒါဟာ ငြိမ်းချမ်းအေးချမ်းစွာနဲ့ သင်္ကြန်တွင်းကို ဖြတ်ကျော်ခဲ့တဲ့ ပြယုဂ်ဆိုလည်း မမှားပါဘူး။

ဆယ်စုနှစ်များစွာ ပျောက်ဆုံးနေတဲ့ မန္တလေးမြို့က ရိုးရာသင်္ကြန်ပွဲတော်ကို ဒီနှစ်မှာ ပထမဆုံးအကြိမ် ပြန်လည်ဖော်ထုတ်ခဲ့ပါတယ်။ ပြောင်းလဲလိုက်တဲ့ အစီအစဉ်တွေကို ဝေဖန်မှုများစွာနဲ့ စတင်ခဲ့တဲ့ မန္တလေးမြို့ ရိုးရာသင်္ကြန်ပွဲတော်ကို ရက်ပိုင်းအတွင်းမှာ ကျင်းပပြီးစီးခဲ့တာပါ။

မန္တလေးမြို့က လမ်းလျှောက်သင်္ကြန်မှာ သင်္ကြန်အကြိုနေ့ နံနက်ပိုင်းဖွင့်ပွဲကို အရင်က ဝန်ကြီးချုပ်၊ မြို့တော်ဝန်တွေ ဖဲကြိုးဖြတ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ မြို့မိမြို့ဖတွေ စာရေးဆရာ၊ ပါမောက္ခချုပ် ဆရာမတွေ၊ ဂီတအနုပညာရှင်တွေက သင်္ကြန်ပွဲတော်ကို ဖွင့်လှစ်ပေးခဲ့တာပါ။

အချိန်မဆိုင်းပဲ လမ်းလျှောက်သင်္ကြန်ကို မြို့ခံတွေ တဖွဲဖွဲလာရောက်ကြ၊ ဆင်နွှဲကြတာက သင်္ကြန်အကြိုနေ့ကတည်းကပါ။

အိုးစည်ဒိုးပတ် ဦးရွှေရိုးအကတွေ တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့အကတွေဟာ ရိုးရာသင်္ကြန်ကို ပဏာတင့်စေပါတယ်။ ရှေးက သင်္ကြန်ပွဲတော် ဆင်နွှဲပုံတွေကိုလည်း ဓာတ်ပုံကားချပ်တွေပြထားလို့ လေ့လာနိုင်ပါသေးတယ်။

တချို့ကတော့ လက်တွန်းလှည်း ကလေးပုခက်မှာ ကလေးငယ်ကိုတွန်းရင်း ရေပက်ခံထွက်ကြတာတွေလည်း ရှိပါတယ်။

နိုင်ငံခြားသားဧည့်သည်တွေ ပါဝင်ရေကစားနေတာ တိုင်းရင်းသား ရိုးရာရေကစားနည်းတွေနဲ့ ကလေးလူကြီးမကျန်အောင် အတူယှဉ်တွဲပြီး သင်္ကြန်ပွဲတော်ကို ဆင်နွှဲကြတာပါ။ ဆင်းရဲ ချမ်းသာမရွေး လူတန်းစားမျိုးစုံ ပါဝင်ကြတဲ့ လမ်းလျှောက်ရေသဘင်ပွဲတော်ဟာ ရသမျိုးစုံကို ပေးစွမ်းနိုင်ခဲ့ပါတယ်။

သုံးပေလောက်အမြင့်ရှိတဲ့ ရေကစားမဏ္ဍပ်နဲ့ သင်္ကြန်ယိမ်းအက အလှတွေရဲ့ ဖျော်ဖြေတင်ဆက်မူတွေ၊ စတုဒီသာ အကျွေးအမွေးတွေနဲ့ မနက်ကနေ ညနေထိ ဒီနှစ် မန်းသင်္ကြန်ဟာ ကြက်ပျံမကျအောင် စည်ကားနေတာပါ။

ဒါတွေဟာ ကျုံးတောင်ဘက် လမ်းလျှောက်သင်္ကြန်မှာပဲ တွေ့နိုင်တဲ့ မြင်ကွင်းတွေပါ။ တနည်းဆိုရရင် ထမင်းဝိုင်းမှာ ချိုချဉ်ငံစပ် အရသာမျိုးစုံကို တနေရာတည်းမှာ တွေ့မြင်ခံစားနိုင်တာ ဖြစ်ပါတယ်။

ခေတ်ကာလအရ ပျော်ရွှင်စရာ ပွဲတော်တိုင်းမှာ အရက်၊ ဘီယာ ရောင်းချတာရှိသလို သောက်စားမူးယစ်မှုတွေ ရှိပါတယ်။ ဒီနှစ် မန္တလေးသင်္ကြန်မှာတော့ မူးယစ်စေတဲ့ သေရည်သေရက်တွေကို လွယ်ကူစွာ ဝယ်ယူခွင့်မရအောင် ပြုလုပ်ထားတာကြောင့် ယမ်းကားမူတွေ လျော့နည်းသွားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

မန္တလေးမြို့တော်က လမ်းလျှောက်သင်္ကြန်ပွဲတော်ဟာ ပြည်သူတွေပဲ ပါဝင်ဆင်နွှဲတာ မဟုတ်ပါဘူး။ တိုင်းအစိုးရဝန်ကြီးချုပ်၊ မြို့တော်ဝန်နဲ့ ကော်မတီဝင်တွေကိုယ်တိုင် ပြည်သူနဲ့အတူ လမ်းလျှောက်သင်္ကြန်ကို အတူပါဝင်ဆင်နွှဲပါတယ်။

၁၉၈၀ ခုနှစ်မတိုင်ခင်က မန္တလေးမြို့ သင်္ကြန်ပွဲတော်ဟာ မြန်မာမှုအနုပညာကို ဖော်ကျူးတဲ့ ပွဲတော် ဖြစ်ခဲ့ပါတယ်။ သင်္ကြန်ကာလရောက်ရင် မြို့မိမြို့ဖတွေ ဦးဆောင်ပြီး သင်္ကြန်ကျင်းပရေးကော်မတီဖွဲ့ကာ အတာရေသဘင်ပွဲကို ကျင်းပကြပါတယ်။

သင်္ကြန်အလှပြယာဉ်တွေ၊ သံချပ်ပြိုင်ပွဲတွေ၊ ယိမ်းအကတွေ ကျင်းပပြီး ရိုးရာယဉ်ကျေးမှု ပွဲတော်ကို ကျင်းပကြတာပါ။

သင်္ကြန်အလှပြယာဉ်တွေဟာ အနည်းဆုံး အစီး ၅၀ လောက်နဲ့ သူ့ထက်ငါ အပြိုင် အခါတွင်းမှာ မန္တလေးမြို့ကိုပတ်ပြီး ကပြဖျော်ဖြေကြပါတယ်။ မန္တလေးမြို့ခံတွေကလည်း စုပေါင်းအင်အားနဲ့ဖြစ်စေ၊ တဦးတည်း တတ်နိုင်သူတွေကဖြစ်စေ ရေသဘင်မဏ္ဍပ်နဲ့ ဖျော်ဖြေရေး အကမဏ္ဍပ်တွေ တည်ဆောက်ပြီး သင်္ကြန်အလှယာဉ်တွေနဲ့အတူ ယှဉ်တွဲဖျော်ဖြေတာပါ။

အနုပညာကို ဖော်ထုတ်ခွင့်ရတဲ့ သင်္ကြန်ကနေ စီးပွားရေးသင်္ကြန်၊ ကြော်ငြာသင်္ကြန်အဖြစ် ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းမှာ အသွင်ပြောင်းလဲ ကျင်းပခဲ့တာလို့ ရှေးမီလူကြီးတွေက တခုတ်တရ လွမ်းမောဖွယ် ပြောကြပါတယ်။

၂၀၁၇ ခုနှစ်မှာတော့ ယခင် ရိုးရာယဉ်ကျေးမှု မန္တလေးသင်္ကြန်ပုံရိပ်ကို မမီပေမယ့် အလွမ်းပြေစရာ သင်္ကြန်ပုံရိပ်ကို ထင်ဟပ်ကျင်းပနိုင်ခဲ့တာပါ။ ယဉ်ကျေးစွာ ရေပက်ကစားကြတဲ့ လမ်းလျှောက်သင်္ကြန်မှာ အသက်ရွယ်မျိုးစုံ ပါဝင်သလို မသန်စွမ်းတွေကအစ တိုင်းရင်းသားလူမျိုးစုံ ပါဝင်ဆင်နွှဲတဲ့ မန္တလေးသင်္ကြန်ပွဲတော်စစ်စစ် ဖြစ်ခဲ့ပါတယ်။

တာရာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013