DVB Logo
Home
မြန်မာသတင်း
မြင်းခြံတွင်​ သင်္ကြန်​ကာလအပြီး ကြက်​သွန်​​ဈေး အနည်းငယ်​ မြင့်တက်​လာ
DVB
·
April 20, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် သင်္ကြန်ကာလအပြီး အရောင်းအဝယ်တွေ စတင်ပြုလုပ်နေကြရာ မြင်းခြံမြို့ရဲ့ အဓိကထွက်ကုန်တမျိုးဖြစ်တဲ့ ကြက်သွန်နီဈေးဟာ အနည်းငယ် ပြန်လည်မြင့်တက်လာပြီး အရောင်းအဝယ်ဈေးကွက် သွက်နေတယ်လို့ သိရပါတယ်။

ကြက်သွန်နီဟာ မြင်းခြံမြို့နယ်အပါအဝင် အခြားမြို့များမှ ထွက်ရှိတဲ့ ကြက်သွန်နီများကို မြင်းခြံမြို့ပေါ်ကို နေ့စဉ် လာရောက် ရောင်းချနေတာဖြစ်ပြီး တနေ့ ကြက်သွန်နီကုန်ချိန် ၅၀၀၀၀ ပိသာ ဝန်းကျင်ခန့် ဝင်ရောက်ကြတယ်လို့ သိရပါတယ်။

“ခုချိန်က ကြက်သွန်နီပေါ်ချိန် ကြက်သွန်တူးချိန်ပေါ့။ လှောင်လက်တွေကတော့ မဝယ်သေးပါဘူး။ ရန်ကုန်နဲ့ အခြားမြို့တွေကိုပဲ တင်ပို့ကြတာ များပါတယ်။ ဒီနှစ်က ကြက်သွန်နီ စိုက်အားနည်းတယ်။ ပြီးတော့ သဘာဝဘေးအန္တရာယ်တွေ ကျရောက်တော့ ကြက်သွန်က ထင်သလောက် မထွက်ကြဘူး။ စိုက်ပျိုးစရိတ်တွေက ကြီးနေတာလည်း ပါတာပေါ့။ ခု ဈေးနှုန်း နည်းနည်းတက်နေတာက။ သင်္ကြန်တွင်းမှာ အရောင်းအဝယ် မပြုလုပ်ကြတော့ ခုမှ ပြန်စတာမို့ အနည်းငယ် ဈေးတက်လာတာပါ”လို့ မြင်းခြံ ကုန်စည်ဒိုင်မှ အဖွဲ့ဝင် ဦးသန့်ဇင်က ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့က မာရသာမုန်တိုင်း ဝင်ရောက်မှုကြောင့် မြင်းခြံမြို့နယ် တောင်သာမြို့နယ်တို့မှ ဆင်တဲဝချောင်းအတွင်း ကြက်သွန်စိုက်ပျိုးထားတဲ့ အခင်းတွေ ရေနစ်မြုပ်ခံခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရကာ ကြက်သွန်စိုက်တောင်သူတွေ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

သင်္ကြန်မတိုင်ခင်မှာ ကြက်သွန်နီဈေးနှုန်းမှာ ၁ ပိဿာကို ၆၀၀ မှ ၇၀၀ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့ပြီး သင်္ကြန်ပြီး အရောင်းအဝယ် ပြန်လည်စတင်ချိန်မှာတော့ ကြက်သွန်အမျိုးအစားပေါ် မူတည်ပြီး ၁ ပိဿာကို ကျပ် ၆၀၀ မှ ၈၀၀ အထိ ဖြစ်လာခဲ့ကာ ယနေ့ နံနက်ပိုင်းမှာတော့ မြင်းခြံမြို့ပေါ်မှာ ကြက်သွန်နီ ကုန်ချိန် ၄၆၁၅၀ ပိဿာ ဝင်ရောက်ပြီး ပျှမ်းမျှအားဖြင့် ကျပ် ၁၀၀ ဝန်းကျင်ခန့်အထိ ဈေးမြင့်တက်လာတယ်လို့ သိရပါတယ်။

သတင်း - ရီရီထွန်း(မြင်းခြံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013