DVB Logo
Home
မြန်မာသတင်း
နမ့်စန် နိုင်ငံရေးဆွေးနွေးပွဲ ပွင့်လင်းမြင်သာမှုမရှိဟု ဒေသခံများဝေဖန်
DVB
·
April 20, 2017
နမ့်စန် နိုင်ငံရေးဆွေးနွေးပွဲ ပွင့်လင်းမြင်သာမှုမရှိဟု ဒေသခံများဝေဖန်
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်မှာ  အထွေထွေအုပ်ချုပ်ရေးက ကြိုတင် ပြင်ဆင်မှုမရှိဘဲ အချိန်ပိုင်းအတွင်းပြုလုပ်တဲ့ ဒေသအလိုက် နိုင်ငံရေး ဆွေးနွေးပွဲဟာ ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ဒေသခံတွေက ဝေဖန်ပြောပါတယ်။

ဆွေးနွေးပွဲက ဧပြီ ၁၉ရက် ညနေ ၅နာရီခွဲကနေ  ၇ နာရီခွဲ အထိ အချိန် ၂ နာရီကြာလောက်သာ ပြုလုပ်ပြီး သက်ဆိုင်သူ ကိုယ်စားလှယ်တွေကို ခေါင်းစဉ် မပေးဘဲ အစည်းအဝေးအချိန်နီးကပ်မှ ဖုန်းနဲ့ ဖိတ်ကြားတာကိုလည်း သံသယရှိတယ်လို့ဒေသခံတွေက ပြောပါတယ်။

နမ့်စန်မြို့နယ်  အမျိုးသားဒီမိုကရေစီ ဥက္ကဋ္ဌ ဦးနေဇော်နိုင်က"အချိန်တိုအတွင်း ဆွေးနွေးပွဲပြုလုပ်တဲ့အခါမှာ တက်ရောက်မယ့် ကိုယ်စားလှယ်မစုံဘူး၊ ဆွေးနွေးမယ့်အကြောင်းအရာ အရမ်းကျယ်ပြန့် မဖြစ်သင့်ဘူး၊ မထိရောက်ဘူး၊ ဥပမာလူမှုရေး၊ လုံခြုံရေး၊ တိုင်းရင်းသားအရေး၊ ဖက်ဒရယ်ကိစ္စတွေကို အချိန်တိုအတွင်းလုပ်ရ မယ်ဆိုတော့ သံသယရှိစရာပါ၊ ဘယ်သူကခိုင်းသလဲ ရှမ်းပြည်နယ် အစိုးရလား၊ ပြည်ထောင်စုအစိုးရလား၊ နယ်လုံကလားပေါ့ ကျွန်တော်ကတော့ သံသယရှိတယ်”လို့ပြောပါတယ်။

နာရီပိုင်းအတွင်း လုပ်ခဲ့တဲ့ ဒေသအလိုက် နိုင်ငံရေးဆွေးနွေးပွဲရလာဒ်ကို အတည်ယူမယ်ဆိုရင် ဒေသခံတွေက သဘောမတူကြောင်း၊ အနည်းဆုံး  ၃ ရက်အချိန်ယူပြီးလုပ်သင့်ကြောင်း၊ ထပ်မံပြုလုပ်စေချင် ကြောင်းသိရပါတယ်။

နမ့်စန်မြို့နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု အတွင်းရေးမှူး ကိုစိုးထွန်းအောင်က “မနေ့ကလုပ်သွားတဲ့ ဒေသအလိုက်နိုင်ငံရေးဆွေးနွေးပွဲဟာ သတို့သမီးကို သတို့သား သွားတောင်းသလို ဖြစ်နေတယ်။ လုံးဝမဖြစ်သင့်ဘူး။ တကယ်တမ်း တိုင်းရင်းသားကိုလေးစားတယ်၊ တိုင်းရင်းသား အခွင့်အရေးအလေးထားမယ်ဆိုရင် ဒီလိုမလုပ်သင့်ဘူး။ ပွင့်လင်းမြင် သာမှုမရှိဘူးလို့ခံစားရတယ်။ ဒေသခံတွေရဲ့အသံမပါဘူး၊ တချို့သိတောင်မသိဘူး။ ဒီဆွေးနွေးပွဲကို ကျွန်တော်တို့ အသိအမှတ်မပြုဘူး”လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး နမ့်စန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနကို ဆက်သွယ် မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါ။

ဆွေးနွေးပွဲက ထွက်လာတဲ့ရလာဒ်ကို အတည်ယူပြီး စာတမ်းတစ်စောင်ပြုလုပ်ပါက ဒေသခံရဲ့ အသံ ကိုယ်စားမပြုတဲ့ စာတမ်းဖြစ်မယ်လို့  ဒေသခံတိုင်းရင်းသားတွေက ပြောပါတယ်။

အစည်းအဝေးကို နမ့်စန်မြို့နယ်ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့၊ ပအိုဝ်းစာပေနဲ့ယဉ်ကျေးမှုအဖွဲ့၊ ကြံ့ခိုင်ရေးပါတီ၊ ကျားခေါင်းပါတီ၊ အန်အယ်လ်ဒီပါတီ၊ လွှတ်တော်ကိုယ်စားလှယ် အချို့နဲ့ လူမှုရေးအဖွဲ့ ၂၀ ဝန်းကျင် တက်ရောက်ခဲ့ပါတယ်။

ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013