DVB Logo
Home
မြန်မာသတင်း
သံမဏိနှင်းဆီဂျာနယ် အယ်ဒီတာ ကိုဝေယံဟိန်း သတ်ဖြတ်ခံရမှု အမှုမှန်ပေါ်အောင် စုံစမ်းနေ
DVB
·
April 20, 2017
Donate to DVB

သံမဏိနှင်းဆီ အပတ်စဉ်ထုတ်ဂျာနယ်  ထုတ်ဝေသူ အယ်ဒီတာ ကိုဝေယံဟိန်း သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး အမှုမှန်အောင် စုံစမ်းစစ်ဆေးနေတယ်လို့ ရန်ကုန်  ပုဇွန်တောင်မြို့နယ် စခန်းမှူး ဒုရဲမှူးယဉ်ထွေးက ပြောပါတယ်။

“ကျနော်တို့က အဲဒီမှာ အခင်းဖြစ်တယ်ဆိုလို့ သွားတယ်။ သက်သေခံပစ္စည်းတွေ သိမ်းတယ်။ နောက်ပြီးတော့ ကျနော်တို့က အလောင်းကို ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံကို ပို့တယ်။ နောက်တနေ့မှာ အလောင်း ရင်ခွဲစစ်ဆေးချက်ကို မှုခင်းဆရာဝန်ကြီးက လုပ်ပါတယ်။ နောက်ပြီးတော့ ကျနော်တို့ အဲဒီမှာ သက်သေတွေ စစ်ဆေးဆောင်ရွက်ထားတယ်ပေါ့နော်။ ဒီအပိုင်းအထိ ကျနော်တို့ ပြောလို့ရပါတယ်။ ကျန်တာတွေကတော့ စစ်ဆေးဆောင်ရွက်နေဆဲ အပိုင်းတွေ၊ စုံစမ်းထောက်လှမ်းနေဆဲ အပိုင်းတွေ ဖြစ်တဲ့အတွက် နောက်ပိုင်း ထူးခြားရင် ကျနော်တို့ ပြန်လည်ပြီးရှင်းပြပေးမှာ ဖြစ်ပါတယ်။”

ပုဇွန်တောင်မြို့နယ်ရှိ ကိုဝေယံဟိန်းရဲ့ အလုပ်တိုက်ခန်းတွင်းကနေ ဧပြီ ၁၆ ရက်မှာ အပုပ်နံ့တွေ ထွက်ပေါ်လာတာကြောင့် ဘေးပတ်ဝန်းကျင်က လူသတ်မှုကို စတင်သတိထားမိခဲ့တာ ဖြစ်ပါတယ်။

ပုဇွန်တောင်မြို့နယ်နေ ဦးသောင်းစိန်က “အဲဒီနေ့က အနံ့ထွက်တော့လေ ဘာအနံ့ကြီးမှန်းလည်း မသိဘူးပေါ့နော်။ ပုပ်စော်လည်း မဟုတ်ဘူး။ ဘယ်လိုအနံ့ကြီးမှန်းလည်း မသိဘူး။ အနံ့ထွက်တယ် ဒီအိမ်ကပေါ့။ အနံ့ထွက်တယ်ဆိုတော့ ကျနော်နဲ့ မယားညီအစ်ကိုတော်တဲ့ ကိုမြင့်စိုးက ဖုန်းလှမ်းဆက်လိုက်တယ်။ သူ့အမေတွေကိုပေါ့နော်။ ခင်ဗျားတို့အိမ်ထဲက ဘာအနံ့ကြီးမှန်းလည်း မသိဘူး၊ အဲဒီတော့ ခင်ဗျားတို့ လာခဲ့ပါဦးလို့ ဖုန်းဆက်တော့ အဘွားကြီးနဲ့ အဘိုးကြီး လင်မယားနှစ်ယောက်လုံး လာတယ်။ အဲဒါနဲ့ နောက်ကျမှ ရဲတွေကို ခေါ်လိုက်တော့ ရဲတွေပါ ရောက်လာတယ်။ ရဲတို့၊ စီအိုင်ဒီတို့ အစုံပေါ့နော်။ မြို့နယ်ကရော တိုင်းကရော ဆင်းလာပြီးတော့ စစ်ချက်တွေ ယူနေကြတာပေါ့။ လူသတ်မှုဆိုပြီးတော့ ပြောတယ်။ အဲဒီတော့မှ လူသတ်တယ်လို့ ကျနော်တို့လည်း သိတယ်” လို့ ပြောပါတယ်။

ကိုဝေယံဟိန်းဟာ သူရဲ့ အလုပ်တိုက်ခန်းတွင်းမှာပဲ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ ၁၅ ချက်နဲ့ သေဆုံးနေခဲ့တာဖြစ်ပြီး လတ်တလောမှာတော့ ရန်ကုန်ဆေးရုံကြီးမှာ အလောင်းကို ရင်ခွဲစစ်ဆေးနေပါတယ်။

သံမဏိနှင်းဆီဂျာနယ် ဆက်လက်ထုတ်ဝေဖြစ်၊ မဖြစ် ဆိုတာကတော့ လတ်တလော ပြောပြလို့ မရသေးဘူးလို့ သေဆုံးသူရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

ကိုဝေယံဟိန်း သေဆုံးမှုနဲ့ ပတ်သက်ပြီး ပုဇွန်တောင်မြို့မရဲစခန်းက  ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ လူသတ်မှုနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013