DVB Logo
Home
မြန်မာသတင်း
သာကေတမြို့နယ်တွင် ကျပ် ၃၂ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့်လက်နက်များ ဖမ်းမိ
DVB
·
April 20, 2017
Donate to DVB

ရန်ကုန်မြို့ သာကေတမြို့နယ် ၆ ရပ်ကွက်ထဲက တိုက်ခန်းမြေညီထပ်မှာ ဧပြီ ၁၈ ရက် မွန်းလွဲ  ၂ နာရီလောက်က မူးယစ်ဆေးဝါးတွေနဲ့ ပွိုင့် ၃၂ ပစ္စတိုသေနတ်တစ်လက်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က  ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီဖမ်းဆီးမှုကို မူးယစ်ဆေးဝါးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ရဲ့ စုံစမ်းဖော်ထုတ်ချက်တွေအရ ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး ဖမ်းဆီးခံခဲ့ရသူတွေကတော့ အမျိုးသား ၆ ဦး ဖြစ်တယ်လို့ ဖမ်းဆီးစဉ်မှာ ပါဝင်ခဲ့သူ ဦးငွေစိုးက ဒီဗွီဘီကို ပြောပါတယ်။

“စောင့်ကြည့်တဲ့အပိုင်းပဲ ကျနော်တို့က ရှိတယ်။ အဲဒီအချိန်မှာ သူတို့ထဲက တယောက်က ထွက်လာတယ်။ ထွက်လာပြီး ကားပေါ်တက်လုပ်နေတုန်း အဲဒီကောင်ကို အရင်ဖမ်းတာ။ ဒီကောင် ထွက်လာပြီးတော့ ဟိုကောင်က တံခါးလာသော့ခတ်တာ။ ဒီကောင့်ကိုခေါ်ပြီးတော့ တံခါးဖွင့်ခိုင်းတယ်။ သေနတ်နဲ့ ပစ်ဖောက်လိုက်တော့မှ ဒီကောင်က တံခါးလာဖွင့်တယ်။ အနောက်ဘက်က ထွက်ပြေးတဲ့ကောင်က ထွက်ပြေးတော့ ကျနော်တို့အဖွဲ့က အနောက်မှာရှိတော့ ဝိုင်းဖမ်းပြီးတော့ လက်ထိတ်ခတ်ပြီးတော့ အထဲပြန်ထည့်။”

ဖမ်းဆီးရမိတဲ့အထဲမှာ ပစ္စတိုသေနတ် ၁ လက်၊ ဘိန်းဖြူ ၃၀၀ ဂရမ်၊ အယ်ဖယ်တမင်းစိတ်ကြွဆေးပြား ၂၀၀ နီးပါးနဲ့ အိုက်စ် စိတ်ကြွဆေးပြားတွေလည်း ပါဝင်ပါတယ်။ တိုက်ခန်းပြင်မှာ ရပ်ထားတဲ့ ကား ၄ စီးကိုလည်း ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ဒီဖမ်းဆီးရမိမှုနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးမှာ ဆက်လက်စစ်ဆေးနေတယ်လို့ သာကေတမြို့နယ်ရဲစခန်းက ပြောပါတယ်။ အခု ဖမ်းဆီးခံခဲ့ရတဲ့သူတွေဟာ အဲဒီ တိုက်ခန်းကို ပြောင်းလာတာဟာ ရက်ပိုင်းဘဲရှိသေးတယ်လို့ ဖမ်းဆီးစဉ် ပါဝင်ခဲ့သူ ဦးငွေစိုးက ပြောပါတယ်။

“သူတို့က အငှားနဲ့ လာနေတာ။ သူတို့ပြောပုံအရ ရက်ပိုင်းပဲ ရှိသေးတယ် ပြောတယ်။ ကျနော်တို့ဆီက လူခံလည်းတယောက်မှမပါ၊ ကိုယ့်ရပ်ကွက်သားလည်း မဟုတ်။ တခြားကလူတွေ ဒီမှာလာပြီးတော့ ငှားရမ်းပြီးတော့ ကန်ထရိုက်တိုက်တွေ ရှိနေတဲ့အခါကျတော့ ကျနော်တို့ဆီမှာ ဧည့်စာရင်း မတိုင်ရ မပြုရဆိုတဲ့အခါကျတော့ သူတို့ လာမတိုင်ဘူး။ သူတို့ ဝင်ချင်သလို ဝင်၊ ထွက်ချင်သလို ထွက်နေတဲ့အခါကျတော့ ဒီလို ဒုစရိုက်မှုတွေက အများကြီး ဖြစ်နေတယ်။”

အခုလို သာကေတ ၆ ရပ်ကွက်မှာ ဖမ်းဆီးနေတဲ့ တချိန်တည်းမှာပဲ သာကေတမြို့နယ်ထဲက ၉ ရပ်ကွက် ကမာကြည်လမ်းက နေအိမ်မှာလည်း မူးယစ်ရဲတပ်ဖွဲ့၊  ဒေသခံ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးမှူးတို့က ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ  မြေညီထပ် တိုက်ခန်းမှာလည်း မူးယစ်ဆေးဝါး အမြောက်အမြား ဖမ်းဆီးရမိခဲ့ပါတယ်။

အခုလို သာကေတမြို့နယ်ထဲက ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး အမှု  ၂ မှုစလုံးဟာ မူးယစ်ဂိုဏ်း တဂိုဏ်းတည်းက ဖြစ်နိုင်တယ်လို့ ဖမ်းဆီးစဉ်မှာ ပါဝင်ခဲ့တဲ့သူတွေက ပြောပါတယ်။

အဆိုပါအမှုနဲ့ ပတ်သက်ပြီး သာကေတနဲ့ ရန်ကင်းမြို့နယ်က နေအိမ်လေးနေရာကနေ စုစု ပေါင်း ဘိန်းဖြူ ၃ ဒသမ ၉၆၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၆၆ဝ၁၂ ပြား၊ အိုက်စ် ၂၉၉ ဒသမ ၆ ကီလို စုစုပေါင်း ငွေကျပ် ၃၁ ဒသမ ၉၄၅၅ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့  ပစ္စတိုသေနတ် ၂လက်၊ ကျည်အိမ် သုံးခု၊ ၎င်းကျည် ၁၅ တောင့်နဲ့ မော်တော်ယာဉ် ၅ စီးကို ဖမ်းဆီးအရေးယူထားတယ်လို့  ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

စန်ချင်း(ခ) ရန်ရှင်း(ခ) ဝမ်စန်ချင်း၊ အောင်ရဲသွင်၊ ဇံမြတ်ထွန်း၊ မျိုးလွင်၊ မိုးကျော်၊ စိုးနိုင်၊ မင်းမင်း(ခ)ဆံရှည် နဲ့ ထွန်းလင်းအောင် (တိမ်းရှောင်)တို့ ၈ ဦးကို  မူးယစ်ဆေးဝါးနဲ့  စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့လည်းဆိုပါတယ်။

ဒီအမှုဟာ ပြီးခဲ့တဲ့  ၂၀၁၆ နိုဝင်ဘာ ၁၇ ရက်က ရန်ကုန်မြို့မှာ နိုင်ငံခြားသားတွေပါဝင်တဲ့ မူးယစ် မှောင်ခိုဂိုဏ်းအဖွဲ့ကို  ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တဲ့ အမှုရဲ့ ကွင်းဆက်ဖြစ်တယ်လို့ဆိုပါတယ်။

အဆိုပါအမှုမှ တရားခံပြေး ၁၆ ဦးအနက် စန်ချင်း(ခ)ရန်ရှင်းဟာ  သင်္ကြန်ရက်နောက်ပိုင်းမှာ ၎င်း နေထိုင်တဲ့  သာကေတမြို့နယ်နဲ့  ရန်ကင်းမြို့နယ်ရှိ နေအိမ်ခန်းတွေကို  ပြန်လာဖို့ရှိတယ်လို့ သတင်းအရ ဧပြီ ၁၈ ရက်မှာ  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်တွေ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေက ၀င်ရောက်ဖမ်းဆီးခဲ့တာပါ။

ဓာတ်ပုံ - MOI Webportal Myanmar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013