DVB Logo
Home
မြန်မာသတင်း
သင်္ကြန်အလွန်  ကြက်သွန်ဈေးများ အနည်းငယ် မြင့်တက်လာ
DVB
·
April 18, 2017
Donate to DVB

မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်ပြီးနောက်ပိုင်းမှာ ကြက်သွန်အဝင် နည်းလာတာကြောင့် ကြက်သွန်ဈေးနှုန်းတွေ အနည်းငယ်မြင့်တက်မှု ရှိလာပါတယ်။

သင်္ကြန်မတိုင်ခင်က ကြက်သွန်နီ ၁ ပိဿာကို လက်လီဈေး ၆၀၀၊ ၇၀၀ ကျပ်ဝန်းကျင်ရှိခဲ့ရာက သင်္ကြန်ပြီးတော့ ၁ ပိဿာကို ၁၀၀ ကျပ်ဝန်းကျင် ဈေးတက်လာခဲ့တယ်လို့ မုံရွာမြို့၊ ညောင်တပင်ဈေး ကြက်သွန်တန်းက ကြက်သွန် အရောင်းဆိုင်တွေက သိရပါတယ်။

ဒီနှစ်မှာ ကြက်သွန်စိုက် တောင်သူတွေအနေနဲ့လည်း ကြက်သွန်ပျိုးပင် အဆင်မပြေလို့ အရင်နှစ်တွေထက် စိုက်ဧကလျော့နည်းခဲ့ပြီး ကြက်သွန်အထွက်နှုန်းတွေ သိသိသာသာ လျော့ကျခဲ့ပါတယ်။ ဒါပေမယ့် တောင်သူတွေအနေနဲ့ ဈေးကွက်ရှိတာကြောင့် မဆိုးဘူးလို့ ကြက်သွန်စိုက် တောင်သူတွေက ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိအနေအထားအရ သင်္ကြန်ပြီးခါစ ဖြစ်တာကြောင့် ကြက်သွန်ပွဲရုံတွေမှာ ကြက်သွန် အရောင်းအဝယ်က နည်းပါးနေသေးပြီး ကြက်သွန်ဈေးလည်း သိသိသာသာ မပြတ်သေးဘူးလို့ ပွဲရုံပိုင်ရှင်တဦးက ဆိုပါတယ်။

“သင်္ကြန်ပြီးရင် ဈေးက လှုပ်နေကျ။ ဒီနှစ်လည်း နည်းနည်း ပြောင်းလာတယ်။ ခုမှ နှစ်ဆန်း ၂ ရက်ပဲ ရှိသေးတာ။ ဆိုင်တွေ အကုန်မဖွင့်ကြသေးဘူး။ အဝင်ကတော့ နည်းတယ်။ ဈေးကတော့ ကြက်သွန်နီ ၁ ပိဿာကို ၁၀၀ လောက် မြောက်လာတယ်။ ကြက်သွန်ဖြူကတော့ ၃၀၀ လောက်ထိ မြင့်သွားတယ်။ ကြက်သွန်ဖြူက ဒေသထွက်လည်း ရှိတယ်။ တရုတ်က လာတာလည်း ရှိတယ်။ တရုတ်ကလာတဲ့ တရုတ်ဖြူကတော့ ဒီနှစ် အဝင်နည်းတယ်။ ဟိုနှစ်က ဈေးကို မမီနိုင်ပေမယ့် ဈေးကတော့ တက်ဦးမှာပဲ။ ဘာလို့လဲဆိုတော့ တောင်သူတွေမှာ သိပ်မရှိတော့ဘူး။ တောင်သူတွေ မရှိတဲ့အတွက် ပွဲစားတွေက ဈေးလှုပ်တာတွေ ရှိတယ်” လို့ ညောင်တပင်ဈေး ကြက်သွန်တန်းက ပွဲရုံပိုင်ရှင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

မုံရွာမြို့ခံ အိမ်ရှင်မတဦးကလည်း “အပြင်ပျံကျဈေးတွေမှာတော့ သင်္ကြန်မတိုင်ခင်ကနဲ့ သင်္ကြန်ပြီးနောက်ပိုင်း အပြောင်းအလဲ မရှိသေးဘူး။ ကြက်သွန်နီ ၁ ပိဿာကို ၁၀၀၀၊ ၁၁၀၀ ပေးရတယ်။ ကြက်သွန်ဈေးတင်မကဘူး၊ ကုန်စိမ်းဈေးလည်း သင်္ကြန်ပြီးတော့ တက်လာတယ်။ ရှားလာလို့ ထင်တယ်။ ကန်စွန်းရွက်တောင် ၁၀၀ ဖိုးကို ၅ စီး၊ ၆ စီး ရတာကနေ ခု ၄ စီးပဲ ပေးတော့တယ်” လို့ ပြောပါတယ်။

နှစ်စဉ်နှစ်တိုင်း သင်္ကြန်ပြီးမှာ ကြက်သွန် အပါအဝင် ကုန်ဈေးနှုန်းတွေက မြင့်တက်နေမြဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ကတော့ ကြက်သွန်နီ ၁ ပိဿာကို ၂၀၀၀ ကျော်ထိ ဈေးမြင့်တက်ခဲ့ပါသေးတယ်။

သတင်း - အောင်ကိုလတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013