DVB Logo
Home
Lead Story
‘ဟင့်အင်း’ ကို ကျော်ဖြတ်ခြင်း (ခက်ခဲသောသူများနှင့် ညှိနှိုင်းခြင်း)
DVB
·
April 18, 2017
‘ဟင့်အင်း’ ကို ကျော်ဖြတ်ခြင်း  (ခက်ခဲသောသူများနှင့် ညှိနှိုင်းခြင်း)
1 / 3
Donate to DVB

unnamed02ဘာသာပြန်ဆိုသူ - ဒေါ်အောင်ဆန်းစုကြည်

GETTING PAST ‘NO’

Negotiating with Difficult People

Written by William Ury

ပုံနှိပ်ခြင်း - ပထမအကြိမ်၊ အုပ်ရေ (၃၀၀၀)

ထုတ်ဝေသည့်ကာလ - ၂၀၁၂ ခုနှစ် နိုဝင်ဘာလ

တန်ဖိုး - ၂၀၀၀ ကျပ်

ထုတ်ဝေသူ -  ဦးအောင်ခိုင်မြင့် (ယာယီ ၁၅၃၂) မဇ္ဈိမစာပေ။ အမှတ် (၄၇)၊ ၁ လမ်း၊ (၁၁) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

မျက်နှာဖုံး Idea – လင်းဝဏ္ဏနှင့် မဇ္ဈိမ ဝိုင်းတော်သားများ

စာမျက်နှာ - ၁၇၆

အရွယ် - ၁၃ စင်တီ x ၂၀ စင်တီ

ဖတ်ကြည့်စေချင်ပါတယ်။ ကျနော့်အိပ်ရာဘေးမှာထားပြီး မကြာခဏဖတ်ဖြစ်တဲ့ စာအုပ်ပါ။

စာအုပ်ကို စကိုင်ဖြစ်လိုက်တုန်းကတော့ ဘာရယ်မဟုတ်ပါဘူး။ အောင်ဆန်းစုကြည် ဆိုတော့ စာရေးကောင်းမယ်၊ သူရေးတဲ့စာအုပ်ဆိုတော့ ဖတ်ရသူအဖို့ တခုခုတော့ အကျိုးရှိမှာ ဆိုတာလောက်ပဲ တွေးမိတာပါ။

ဖတ်မိလိုက်တော့ စာအုပ်ကပေးလိုက်တဲ့ အတွေးအမြင်တွေဟာ ဦးနှောက်ထဲကို အလင်းသစ်တွေရသလို နှလုံးသားကိုလည်း အင်အားအသစ်တွေ ဖြစ်စေတာ သတိပြုမိပါတယ်။

သူ့စာအုပ်အထဲကအတိုင်း လိုက်လုပ်ကြည့်တော့ ပြဿနာတွေကို သိမ်သိမ်မွေ့မွေ့နဲ့ အောင်အောင်မြင်မြင် ဖြေရှင်းနိုင်တာ တွေ့ရပါတယ်။

စာအုပ်ထဲမှာ ဘာတွေ ရေးထားပါသလဲ။

ဖြန့်ကြက်ကြည့်ရှုခြင်းဆိုတဲ့အခန်း၊ စာမျက်နှာ (၁၅) မှာ

“သံတမန်ပရိယာယ်ဆိုသည်မှာ သင်လုပ်လိုသည့်အလုပ်ကို တဖက်သားအား လုပ်ခွင့်ပေးလိုက်ခြင်းပင် ဖြစ်၏။”

လို့ အီတလီသံတမန် ဒန်နီရယ်ဝါးရဲ့ အဆိုအမိန့်နဲ့ စဖွင့်ထားပါတယ်။

သင့်စကားကို လုံးဝနားမထောင်ဘဲ သူပြောလိုရာ ပြောနေသူနဲ့ ဘယ်လိုဆွေးနွေးရမလဲ။

သူလိုချင်တဲ့အချက်ကို မရလျှင် စိတ်ဆိုး၊ စိတ်ကောက်တတ်သူနဲ့ ဘာဆက်လုပ်မလဲ။

ငါပြောသလိုလုပ် မလုပ်နိုင်လျှင် သွားတော့လို့ဆိုလျှင် တကယ်ပဲ ထပြန်ရတော့မလား။

ဒါမှမဟုတ် သင် ဆွေးနွေးနေစဉ် တလျှောက်လုံး သင် ပြောသမျှကို ကြားဖောက်ပြီး နှောင့်ယှက်တတ်သူများ၊

သင့်ကို စိတ်မချရ၊ အရည်အချင်းမမီဟု စွပ်စွဲနေသူများ၊

ဆွေးနွေးနေရသည်ပင် သင့်အပြစ်ကြောင့် ဖြစ်သည်လို့ ထင်အောင် လုပ်နေသူများ၊

သင်ကသာ အလျှော့မပေးလျှင်တော့ ပြဿနာ အကြီးအကျယ်တက်ပြီလို့ ခြိမ်းခြောက်နေသူများကို ဘယ်လိုကိုင်တွယ်ရမလဲ။

unnamed

 

အချက်အလက်အမှားတွေ ဒါမှမဟုတ် လိမ်လည်ထားတဲ့ အထောက်အထားတွေကို သုံးနေသူ၊ သဘောတူညီချက် တခုခုရခါနီးမှ မဖြစ်နိုင်တဲ့ တောင်းဆိုချက်တွေကို တင်ပြသူ၊ အဓိပ္ပာယ်မရှိ အချိန်ဆွဲသူ ဒါမှမဟုတ် ဆွေးနွေးဖို့ မျက်စိမှိတ် ငြင်းဆန်နေသူများနဲ့ ဘယ်လိုဆွေးနွေးရမလဲ။ စတဲ့ မေးခွန်းတွေရဲ့ အဖြေတွေကို ရှာဖွေဖို့ အထောက်အကူ အများကြီးရပါတယ်။

တစုံတယောက်က ကိုယ့်ကို တိုက်ခိုက်လာလျှင် ပြန်လည်တိုက်ခိုက်တတ်တာဟာ လူ့သဘာဝ ဖြစ်ပါတယ်။ ဒီလို တုံ့ပြန်မှုကို မထိန်းနိုင်လျှင် အချီအချစိန်ခေါ်မှု၊ အော်ဟစ် ဆူပူမှုတွေ တဆင့်ပြီးတဆင့်တက်ကာ နောက်ဆုံး တယောက်ကိုတယောက် စစ်ကြေညာတဲ့အထိ ဖြစ်သွားတတ်ပါတယ်။

တုံ့ပြန်မှုကြောင့် အဲဒီလို စစ်ပွဲငယ်မှာ အနိုင်ရလျှင်လည်း စစ်ပွဲကြီးတခုလုံးမှာ ဆုံးရှုံးတတ်ပါတယ်။ ကျနော်တို့ သတိပြုရမှာက အဲဒီလို တိုက်ခိုက်လေ့ရှိသူတွေဟာ တဦးကိုတဦး ချေမှုန်းလိုစိတ် ပြင်းပြကြသလို အတိုက်အခိုက်၊ အတို့အထောင် ကျွမ်းကျင်သူတွေ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ သူတို့ဟာ တိုက်ခိုက်လာမှာကို မျှော်လင့်ထားသူတွေ ဖြစ်တတ်ပြီး သူတို့ကို  ပြန်လည်တိုက်ခိုက်တာနဲ့ တပြိုင်တည်း သူတို့အကွက်ထဲ ဝင်သွားတတ်တယ်။ ဒါကြောင့် ပြန်မတိုက်ဖို့ တနည်းပြောရရင် မတုံ့ပြန်တဲ့ နည်းလမ်းကို ရွေးဖို့ အကြံပြုထားပါတယ်။

သို့သော် တုံ့ပြန်ခြင်းရဲ့ဆန့်ကျင်ဘက် အလျှော့ပေးခြင်းကို သုံးလိုက်လျှင် တဘက်လူက ပိုမိုကန်းတက်လာတတ်ပါတယ်။ ကျားတကောင်ကို အစာကျွေးမိသလို နောက်ဆုံး မိမိကိုယ်တိုင် ကျားစာဖြစ်တတ်ပါတယ်။

အဲဒီလို အခြေအနေမျိုး ရောက်တဲ့အခါ နောက်ထပ်နည်းလမ်းတခုဖြစ်တဲ့ အဆက်ဖြတ်ခြင်းနည်းလမ်းကို သုံးကြည့်သင့်ပါတယ်။ မကြာခဏ တိုက်ခိုက်ရတဲ့ အခြေအနေမှာ ဒီနည်းလမ်းဟာ ကောင်းပါတယ်။

ဒါပေမယ့် အဲဒီနည်းလမ်းမှာလည်း အားနည်းချက်ရှိပါတယ်။ တခြားမဟုတ်ပါဘူး။ အဲဒီနည်းလမ်းကိုသုံးလျှင် မကြာခဏ အစကနေ ပြန်ပြန် စနေရတတ်ပါတယ်။

အရေးကြီးတာက မိမိရဲ့မူလရည်မှန်းချက်ကို ပျောက်မသွားဖို့ပဲ ဖြစ်ပါတယ်။

ကျနော် အခုရေးပြနေတာတွေဟာ အဲဒီစာအုပ်ကရတဲ့ အကြံဉာဏ်တွေဖြစ်ပြီး လက်တွေ့သုံးရာမှာ အလွန်ထိရောက်ပါတယ်။

ဒီစာအုပ်ဟာ အနိုင်ယူရေး နည်းလမ်းတွေကို ညွှန်ပြထားတာ မဟုတ်ပါဘူး။ အရှုံးပေးရေး လမ်းကြောင်းကိုလည်း လိုက်ဖို့ အကြံပြုထားတာ မဟုတ်ပါဘူး။ လာရာလမ်း မတူတဲ့သူတွေ၊ ဦးတည်ချက်မတူတဲ့သူတွေ၊ စရိုက်မတူတဲ့သူတွေ၊ အကျိုးစီးပွား မတူတဲ့သူတွေ ဘယ်လို ညှိနှိုင်းအဖြေရှာမလဲ ဆိုတာကို ညွှန်ပြကူညီတဲ့ စာအုပ်တအုပ်သာ ဖြစ်ပါတယ်။

မှန်ကန်တဲ့နည်းလမ်းနဲ့ မှန်ကန်တဲ့ပန်းတိုင်ကို ဘယ်လိုသွားမလဲဆိုတာ အကြံပြုထားတဲ့ စာအုပ်ပါ။

ဒီစာအုပ်ဟာ သာယာတဲ့ အိမ်ထောင်ရေး တည်ဆောက်ရာမှာ အသုံးဝင်သလို ပျော်ရွှင်အောင်မြင်တဲ့ လုပ်ငန်းခွင် တည်ဆောက်ရာမှာလည်း အသုံးတည့်ပါတယ်။ ဒါတင်မကသေးပါဘူး။ ငြိမ်းချမ်းတဲ့နိုင်ငံတော် တည်ဆောက်ရေးမှာလည်း အရေးပါတဲ့ စာအုပ်တအုပ်ပါ။

လက်ရှိ မြန်မာ့နိုင်ငံရေး လေ့လာသူတယောက် ဖြစ်မယ်ဆိုရင် ဒီစာအုပ်ကိုဖတ်ရင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးနည်းဗျူဟာတွေကို ရိပ်စားမိနိုင်ပါတယ်။

စာအုပ်ရဲ့နောက်ဆုံး စာမျက်နှာ (၁၇၆) က ဆန့်ကျင်ဘက်မှ မိတ်ဘက်သို့ဆိုတဲ့ အခန်းမှာ-

‘ကျွန်တော်ရဲ့ ရန်သူတွေကို မိတ်ဆွေဖြစ်အောင်လုပ်နိုင်ရင် ကျွန်တော့်ရန်သူတွေ ကျေပျက်သွားတာပဲ မဟုတ်လား’

ဆိုတဲ့ အမေရိကန်သမ္မတကြီး လင်ကွန်းရဲ့မိန့်ခွန်းနဲ့ အဆုံးသတ်ထားပါတယ်။

ဖတ်ဖြစ်အောင် ဖတ်စေချင်ပါတယ်။ ကျနော်ကတော့ ခဏခဏ ဖတ်ဖြစ်တယ်။ ဖတ်တိုင်းလည်း အတွေးသစ် အမြင်သစ်တွေ၊ နည်းလမ်းကောင်းအသစ်တွေ ရပါတယ်။

သားကြီးမောင်ဇေယျ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013