Homeမြန်မာသတင်း
မုံရွာခရိုင်အတွင်း သင်္ကြန်ကာလ ကြီးမားသည့်မှုခင်း မရှိခဲ့ဟု ယာယီခရိုင်ရဲမှူးပြော (ရုပ်သံ)
မုံရွာခရိုင်အတွင်း သင်္ကြန်ကာလ ကြီးမားသည့်မှုခင်း မရှိခဲ့ဟု ယာယီခရိုင်ရဲမှူးပြော (ရုပ်သံ)
DVB
·
April 17, 2017

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အတွင်း မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်ကာလမှာ ယာဉ်မတော်တဆဖြစ်တာ၊ အနည်းငယ်ခိုက်ရန်ဖြစ်ပွားတာကလွဲရင် ကြီးမားတဲ့မှုခင်းတွေ ဖြစ်ပွားတာ မရှိခဲ့ဘူးလို့ မုံရွာခရိုင် ယာယီရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်အေးက ဒီဗွီဘီကိုပြောပါတယ်။
သင်္ကြန်ကာလအတွင်း ရဲတပ်ဖွဲ့အင်အားကို ၆၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းထိ လိုအပ်သလို သုံးစွဲခဲ့ပြီး လှည့်ကင်း၊ ရပ်ကင်း၊ ပတ်ကင်း၊ ဝပ်ကင်းတွေ ထားရှိဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
မဟာသင်္ကြန်ကာလအတွင်း မုံရွာမြို့မှာ ယာဉ်မတော်တဆဖြစ်ပွားမှု အများဆုံးဖြစ်ခဲ့ပြီး ခိုက်ရန်ဖြစ်ပွားမှု၊ အခြားထိခိုက်မှုအပါအဝင် စုစုပေါင်း ၁၉၆ဦး ဆေးရုံကို တက်ရောက်ကုသခဲ့ရပါတယ်။
ဆေးရုံကို ရောက်လာတဲ့သူတွေထဲက ၄ ဦးသေဆုံးခဲ့ပြီး ခွဲစိတ်နှင့် အရိုးဌာနမှာ ကုသရတာ အများဆုံးဖြစ်တယ်လို့ မုံရွာပြည်သူ့ဆေးရုံကြီးရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။
သင်္ကြန်လည်သူတွေ စည်းကမ်းရှိတဲ့အတွက် အရင်နှစ်ကလောက် ကူညီဆောင်ရွက်ပေးရတာမရှိဘူးလို့ လူမှုကူညီရေးအသင်းတွေကပြောပါတယ်။
မုံရွာမြို့မှာ သင်္ကြန် ၄ ရက်တာကာလအတွင်း အေးအေးချမ်းချမ်းပြီးဆုံးခဲ့ပြီး အတက်နေ့ နေ့လယ်ပိုင်းမှာတော့ ရာသီဥတုကြောင့် လူစည်ကားမှုနည်းခဲ့ပေမယ့် ညနေပိုင်းမှာတော့ ပုံမှန်အတိုင်း ပျော်ရွှင်စွာရေကစားကြပြီး အောင်အောင်မြင်မြင်နဲ့ပြီးဆုံးခဲ့ပါတယ်။
သတင်းရုပ်သံ - အောင်ကိုလတ်











