
ပဲခူးတိုင်း ပဲခူးမြို့နယ်၊ ဝါးမရမ်းကျေးရွာအုပ်စု ဆပ်ပြာကျင်းကျေးရွာအနီးရှိ ဇလပ်ထော် ရေလှောင်တမံမှာ မေ ၂၂ ရက် နေ့လယ် ၂ နာရီလောက်က ရေဆင်းကူးတဲ့ ကလေးငယ် ၄ ယောက် ရေနစ်သေဆုံးသွားတယ်လို မြို့ခံတွေက ပြောပါတယ်။
မနေ့ နေ့လယ် ၂ နာရီခွဲက ဇလပ်ထော်မှာဖွင့်ထားတဲ့ အပန်းဖြေစခန်းကို မိဘတွေနဲ့အတူလာတဲ့ ကလေးငယ် ၄ ယောက်ဟာ မိဘတွေမသိခင် ရေလှောင်တာမံအတွင်း ရေဆင်းကူးရာမှ ရေနစ် သေဆုံးခဲ့တာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“အပန်းဖြေစခန်းကို လာတဲ့အချိန် မိဘတွေမသိခင် ရေလှောင်တမံထဲမှာ ရေးဆင်းကူးရင်း ရေနစ် သေတာ။ ယောကျ်ားလေးက ၁ ယောက်၊ မိန်းကလေးက ၃ ယောက်၊ အသက်က ၁၀ နှစ် ၁၁ နှစ်ပဲ ရှိဦးမယ်။”
ရေဆင်းကူးရင်း ရေနစ်သေဆုံးသွားတဲ့ ကလေးငယ်တွေကို ပဲခူးမြို့ လူမှုကူညီရေးအသင်းတွေက ဆယ်ယူပေးခဲ့ပြီး သေဆုံးအလောင်းတွေအား ပဲခူးမြို့နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့နဲ့နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“မိဘတွေကိုပဲ အပြစ်ပြောရမှာပဲ။ ဒီလိုနေရာလာရင် ကိုယ့်ကလေးကို မျက်စိအောက်က အပျောက် မခံသင့်ဘူး။ ကလေးဆိုတာက ရေမြင်ရင် တိမ်တာနက်တာ သိတာမဟုတ်ဘူး ဆင်းကူးမှာ။ ခုလိုဖြစ်တော့ ကိုယ့်သားသမီးပဲ အသက်ဆုံးရှုံးရတာ၊ နောက်လူတွေလည်း သတိပြု သင့်တယ်။”
သေဆုံးသူကလေးငယ် ၄ ယောက်မှာ မောင်ဖြိုးဇာနည်လင်း၊ မပိုးဝတီ၊ မစုံပုံချစ်နဲ့ မသန္တာရွှန်းလဲ့ တို့ဖြစ်ပြီး အသက် ၁၀ နှစ်မှ ၁၃ ကြားရှိကာ အခုနှစ်ကျောင်းတက်ရာသီမှာ ၄ တန်း၊ ၅ တန်း နဲ့ ၆ တန်း တက်မှာလို့ သတင်အရင်းအမြစ်က ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် သြဂုတ် ၄ ရက်ကလည်း ကြခတ်ဝိုင်း စာသင်တိုက်မှ အသက် ၁၃ နှစ်အရွယ် ကိုရင်လေးတပါး အဖော်ဖြစ်သူ ကိုရင်တွေနဲ့ ပဲခူးမြစ်အတွင်း ရေဆင်းကူးစဥ် သေဆုံးခဲ့တဲ့ ဖြစ်စဥ် လည်း ရှိပါတယ်။
အလားတူ ၂၀၂၃ ခု စက်တင်ဘာ ၂၂ ရက် နေ့လယ် ၂ နာရီကလည်း ပဲခူးမြို့နယ် အောက်စီတီး ကျေးရွာအပိုင်၊ ရထားသံလမ်းတံတားအနီးမှာ ချောင်းအတွင်း ရေဆင်းကူးတဲ့ ကလေး ၂ ယောက် ရေနစ် သေဆုံးခဲ့ပါတယ်။










