
ဆိုင်ကလုန်းမုန်တိုင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်ဖို့ တပ်မတော်လေယာဉ်များ အသင့်ပြင်ထားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောပါတယ်။
ဒီနေ့ နေပြည်တော်မှာလုပ်ခဲ့တဲ့ အမျိုးသားသဘာဝ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဗဟို ကော်မတီ အရေးပေါ်အစည်းအဝေးမှာ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ မုန်တိုင်းအဓိက သက်ရောက်နိုင်တဲ့ ရခိုင်ပြည်နယ်နဲ့ သက်ဆိုင်ရာ ဒေသတွေမှာရှိတဲ့ တပ်နယ်တွေကို ကူညီကယ်ဆယ်ရေးတွေ လုပ်ဖို့ အသိပေးထားတယ်လို့ ပြောခဲ့တာပါ။
"သက်ဆိုင်ရာဒေသတွေမှာရှိတဲ့ တပ်နယ်တွေကိုလည်း သတိပေးထားပါတယ်။ နောက်ရခိုင်မှာရှိတဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တခုကိုလည်း အသင့်ပြင်ထားပါတယ်။ လေယာဉ်တွေကိုလည်း အသင့်ပြင်ထားတယ်။ လေယာဉ်တွေနဲ့အတူ ဆေးအဖွဲ့တွေကိုလည်း ရန်ကုန်နဲ့ နေပြည်တော်မှာ အသင့်ပြင်ထားပါတယ်။ စားနပ်ရိက္ခာတွေကိုလည်း သက်ဆိုင်ရာဒေသတွေမှာရှိတဲ့ တိုင်းစစ်ဌာနချုပ်တွေကနေပြီးတော့ လိုအပ်သလို ကူညီဆောင်ရွက်ပေးမှာဖြစ်ပါတယ်။"
အရေးပေါ်အစည်းအဝေးကို ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၅၀ ကနေ မိုင် ၆၀ အထိ တိုက်ခတ်နိုင်တဲ့ ဆိုင်ကလုန်းမုန်တိုင်း “မာရသာ”ဟာ ဒီနေ့ည ၈ နာရီနဲ့ ၁၂ နာရီကြားမှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နဲ့ သံတွဲမြို့ကြားကနေ ဖြတ်ကျော်ဝင်ရောက်မှာဖြစ်ပါတယ်။











