DVB Logo
Home
မြန်မာသတင်း
ဆိုင်ကလုန်းမုန်တိုင်း ၃၆ နာရီအတွင်း စစ်တွေနှင့်သံတွဲမြို့ကြား ၀င်မည်ဟု မိုးဇလခန့်မှန်း
DVB
·
April 16, 2017
ဆိုင်ကလုန်းမုန်တိုင်း ၃၆ နာရီအတွင်း စစ်တွေနှင့်သံတွဲမြို့ကြား ၀င်မည်ဟု မိုးဇလခန့်မှန်း
Donate to DVB

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းသောမုန်တိုင်းငယ်ဟာ ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း ”မာရသာ” (Maarutha) အဖြစ် ရောက်ရှိခဲ့ပြီး ၃၆ နာရီအတွင်း စစ်တွေနဲ့ သံတွဲမြို့ကြားကို ဖြတ်ကျော်ဝင်ရောက်မယ်လို့ ခန့်မှန်းကြောင်း မိုးဇလက သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း”မာရသာ”(Maarutha)အဖြစ်သို့ ရောက်ရှိခဲ့ပြီလို့ မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်လိုက်တာပါ။

မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ အနောက်မြောက်ဘက် (၁၄၅) မိုင်ခန့်၊ ပုသိမ်မြို့ရဲ့ အနောက်တောင်ဘက် မိုင် (၁၉၅) ခန့်၊ သံတွဲမြို့ရဲ့ အနောက် တောင်ဘက် မိုင်(၂၃၀)ခန့်၊ ကျောက်ဖြူမြို့ရဲ့ အနောက်တောင်ဘက် (၂၄၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေတယ်လို့ ဆိုပါတယ်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းဟာ မြောက်-အရှေ့ မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမယ်လို့ ခန့်မှန်းရကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

(ခ) ဆိုင်ကလုန်းမုန်တိုင်း၏လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားသည့် အခြေအနေဖြစ်၍ လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန်တွင် မြောက် လတ္တီကျု(၁၅.၈)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၁.၅)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၆)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာတစ်နာရီလျှင် မိုင်(၅၀)နှုန်းဖြစ်ပါသည်။

နောက် (၃၆) နာရီအတွင်းခန့်မှန်းချက်

(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့နံနက်မှ နောက်(၃၆)နာရီအတွင်း မြန်မာနိုင်ငံ ကမ်း‌ခြေဒေသ၊ စစ်တွေမြို့နှင့် သံတွဲမြို့ကြားမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းရပါသည်။

(ခ) ဆိုင်ကလုန်းမုန်တိုင်းသည် စစ်တွေမြို့နှင့် သံတွဲမြို့ကြားမှ ဖြတ်ကျော်စဉ် အမြင့်ဆုံး လေတိုက်နှုန်းမှာ တနာရီလျှင် မိုင်(၅၀)မှ မိုင်(၆၀)အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်း ရပါသည်။

(ဂ) မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ သည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။

သတိပေးနှိုးဆော်ချက်

(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် (၁၆.၄.၂၀၁၇)ရက်နေ့မှ (၁၇.၄.၂၀၁၇) ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မှနေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာ ကျဲကျဲမိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက် နှင့် ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် တို့တွင်နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

အကြံပြုချက်

(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသ အနီးတွင်နေထိုင်ကြသူ များအနေဖြင့်မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တလျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင် ကြပါရန်နှင့် ပြည်တွင်း လေကြောင်းပျံသန်းရေးနှင့် မြန်မာ့ ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင် သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013