
မကွေးတိုင်း၊ ဆောမြို့နယ်ထဲကို ဇွန် ၂၇ ရက် ညနေပိုင်းမှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားတာကြောင့် ကလေးအပါအဝင် ပြည်သူ ၃ ယောက် သေဆုံးပြီး ဒဏ်ရာရသူတွေလည်း များတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ယောဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “ကျနော်တို့ ဆောမြို့နယ်ထဲမှာရှိတဲ့ လောင်းရှည်မြို့ရဲ့ အနောက်ခြမ်းအစွန်နားမှာရှိပြီး တိုက်ပွားဖြစ်ပွားနေတာ မရှိတဲ့ ရင်းကဲအုပ်စုထဲက နတ်ကောင်းကျင်းရွာကို ညနေ ၅ နာရီခွဲဝန်းကျင်မှာ ကန်ပက်လက်ဘက်ကနေ ပတ်ပျံလာတဲ့ ဂျက်ဖိုက်တာ ၁ စီးက ရွာထဲကို တလုံးနဲ့တလုံး ၅ မိနစ်လောက်ခြားပြီး ဗုံး ၂ လုံး ကြဲသွားပါတယ်” လို့ ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ် ၁ ယောက် အပါအဝင် ဒေသခံပြည်သူ ၃ ယောက် သေဆုံး၊ ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။
ဆောမြို့နယ် ပကဖ ရဲ့ တာဝန်ရှိသူတယောက်က “ကျနော်တို့ ရရှိထားတဲ့ ကနဦးသတင်းတွေအရ ၉ နှစ်ဝန်းကျင် ကလေးငယ် ၁ ယောက်၊ အသက် ၄၀ ဝန်းကျင် အမျိုးသား ၂ ယောက် နေရာမှာတင် ဆုံးသွားကြတယ်။ ဒဏ်ရာရတဲ့သူတွေလည်း အရွယ်စုံ ၁၀ ယောက်လောက်ရှိပြီး အသက်ကြီးတဲ့သူတွေကတော့ စိုးရိမ်ရတဲ့အခြေအနေ ရှိနေပါတယ်။ လူနေအိမ် ၅ လုံးထက်မနည်း ပျက်စီးပြီး ၃ လုံး မီးလောင် ပျက်စီးပြီး ပျက်စီးဆုံးရှုံးမှုတွေ များပါတယ်” လို့ DVB ကို ပြောပါတယ်။
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်နဲ့ မင်းတပ်မြို့နယ်ထဲမှာ စစ်တပ်စစ်ကြောင်းတွေနဲ့ ချင်းပူးပေါင်းမဟာမိတ်တပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်တပ်လက်အောက်ခံ လောင်းရှည်အခြေစိုက် ကပစ ၂၅ ကနေ အင်အားဖြည့်တင်းပေးနေလို့ စစ်ရေးအရအရေးပါတဲ့ ပိန်းချောင်း–လောင်းရှည်လမ်းပိုင်း၊ သီးကုန်း–လောင်းရှည်လမ်းပိုင်းနဲ့ အင်ဘူး–လောင်းရှည် လမ်းပိုင်း အသုံးပြုခွင့် ယာယီပင်ပိတ်ထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဆောမြို့နယ်အတွင်းက ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေအပြင် စစ်ရှောင်ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကို အထူးသတိပြု နေထိုင်သွားလာကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။











